အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဘောလီဘော (ကျား/မ)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ (၄)။

2023ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ဘောလီဘော(ကျား/မ)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁) နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာ့ ဘောလီဘောအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ မျိုးဆက်သစ်ဘောလီဘောအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ယခုပြိုင်ပွဲမှတဆင့် ထူးချွန်ထက်မြက်သော ဘောလီဘောအားကစားသမားများ ပေါ်ထွက်လာစေရေးတို့ အတွက် ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဘောလီဘော(ကျား/မ)ပြိုင်ပွဲ အား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲအား သတ်မှတ်ထားသော ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပ ပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံဘောလီဘော အဖွဲ့ချုပ်နှင့်ပေါင်းစပ်ညှိနှိုင်းပြီး ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသင်းအုပ်ချုပ်သူများအနေဖြင့် မိမိအားကစားသမားများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်သွားလာရေးကိစ္စရပ်များနှင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် စည်းကမ်းတကျရှိစေရေးအတွက် အထူးကြပ်မတ်ဆောင်ရွက်ပေးစေလိုကြောင်း၊ပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ကြသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသင်းများ အနေဖြင့် မိမိတို့ ပြိုင်ပွဲဝင့်အသင်း၏ ခရီးစရိတ်နှင့် စားစရိတ်များအား သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ကျခံရမည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပရေးကော်မတီမှ ကျခံပေးမည်ဖြစ်ကြောင်း၊ ဆုရရှိသော အသင်းများအား တစ်ဦးချင်းဆုဆွဲပြားများ၊ ကျား/မ တံခွန်စိုက်ဖလားများ၊ နေရာအလိုက်အကောင်းဆုံးဆုများကိုလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် ဆုကြေးငွေ များအဖြစ် ပထမဆု ကျပ်(၃၀)သိန်း၊ ဒုတိယဆု ကျပ်(၂၀)သိန်း၊ တတိယဆု ကျပ်(၁၅)သိန်း၊ စတုတ္ထဆု ကျပ်(၁၀)သိန်းနှင့်နေရာအလိုက်အကောင်းဆုံးဆုများအတွက် Trophy အပြင်ငွေသားဆုကျပ်(၁)သိန်း နှုန်းဖြင့် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ထို့နောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က ပြိုင်ပွဲ ဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ မြန်မာနိုင်ငံဘောလီဘောအဖွဲ့ချုပ်မှ ဦးညီညီလွင်က ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူ/နည်းပြများမှ ပြိုင်ပွဲကျင်းပမှုဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်မှု၊ နေထိုင်သွားလာစားသောက်မှုနှင့်ပတ်သက်ပြီး အသီးသီး ဆွေးနွေးတင်ပြခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ဆွေးနွေးတင်ပြခဲ့မှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အုပ်စုမဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယားရေးဆွဲခြင်းများကို ပြုလုပ်ခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ဘောလီဘော (ကျား/မ)ပြိုင်ပွဲ ကို ဒီဇင်ဘာလ(၅)ရက်နေ့မှ (၁၃)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အမျိုးသား(၁၅)သင်း၊ အမျိုးသမီး(၁၀)သင်း၊ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားအင်အား စုစုပေါင်း (၃၅၀)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။