အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား  ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက်အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၁၄)ရက်။

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ Squash လေ့ကျင့်ရေးရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြ သည်။

အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် National Fitness ဖြစ်တဲ့ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ အပန်းဖြေမှုဖြစ်သလို ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ ဝန်ထမ်းများ တက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမို ထမ်းရွက်နိုင်စေရန် ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် ပြိုင်ပွဲကျင်းပပြုလုပ်မည့်အစီအစဉ်များနှင့် စည်းမျဉ်း/စည်းကမ်းများကိုလည်း ဝန်ကြီးဌာနများသို့ ကြိုတင်ဖြန့်ဝေပေးထားပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းအားလုံး ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် နေ့စားကန့်သတ်ချက်မထားရှိဘဲ ဝန်ထမ်းဖြစ်ရမည်ဟုသာ သတ်မှတ်ပေးခဲ့ပြီး ယခုနှစ်တွင် ပြိုင်ပွဲဝင်အားကစားသမားများ၏ အသက်ကို ယခင်နှစ်များအတိုင်း (၂၅)နှစ်နှင့်အောက် သတ်မှတ်ထားပါကြောင်း၊ ယခုအစည်းအဝေးတွင် အတည်ပြုပြီးသော အားကစားသမားများသည် ဌာနကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအဖြစ် အတည်ပြုပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စိစစ်အတည်ပြုပြီးသော အားကစားသမားများကို  ထပ်မံကန့်ကွက်ခွင့်မပြု တော့ပါကြောင်းနှင့် လူစားလဲလှယ်ခြင်းများကို ထပ်မံ၍ မပြုလုပ်ကြရန်လိုကြောင်း၊ နည်းပြများနှင့် ဒိုင်လူကြီးများအနေဖြင့် ဘက်လိုက်မှုမရှိစေဘဲ သမာသမတ်ကျကျ တရားမျှတစွာဖြင့် စည်းမျဉ်း/ စည်းကမ်းများအတိုင်း ဆုံးဖြတ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် လည်း မိမိတို့အသင်း အောင်နိုင်ရေးအတွက် အားကစားစိတ်ဓါတ်အပြည့်အဝဖြင့် ယှဉ်ပြိုင်ကစားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီတို့မှ ချမှတ်ထားသော စည်းမျဉ်း/စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ပေးစေလိုကြောင်း၊ ယခုပြိုင်ပွဲတွင် ဆုကြေးငွေများအဖြစ် ပထမဆု ကျပ်သိန်း(၃၀)၊ ဒုတိယဆု ကျပ်သိန်း(၂၀)၊ တတိယဆု ကျပ်(၁၅)သိန်း၊ စတုတ္ထဆု ကျပ်(၁၀)သိန်း၊ နေရာအလိုက်အကောင်းဆုံးအားကစားသမားဆုတစ်ဆုလျှင် (၂)သိန်းနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုအား (၃)သိန်းနှုန်းဖြင့် ချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာနများအနေဖြင့် သတ်မှတ်ထားသော ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများအတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်ပြီး ဝင်ရောက်ယှဉ်ပြိုင်ကြရန်နှင့် ပြိုင်ပွဲကျင်းပပေးရခြင်း၏ ရည်ရွယ်ချက် မပျောက်ပျက်စေရေးအတွက် ဝန်ကြီးဌာနများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြိုင်ပွဲဝင်အသင်းများ လိုက်နာဆောင်ရွက်ရမည့်စည်းမျဉ်း/စည်းကမ်းများ၊ ဥပဒေ/နည်းဥပဒေများနှင့် ပတ်သက်၍လည်းကောင်း၊  ဝန်ကြီးဌာနအသင်းလိုက် အုပ်ချုပ်သူနှင့်နည်းပြများက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲကျင်းပမှုဆိုင်ရာကိစ္စရပ်များ၊ လူတွေ့စစ်ဆေးခြင်း၊ အုပ်စုမဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယားရေးဆွဲခြင်းများကို ပြုလုပ်ခဲ့ကြပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသား)ပြိုင်ပွဲကို ဝန်ကြီးဌာန အသီးသီးမှ ပြိုင်ပွဲဝင် အသင်း(၁၆)သင်းဖြင့် ဒီဇင်ဘာလ(၁၆)ရက်နေ့မှ (၃၀)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။