အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ မေလ (၂၂)ရက် ။

ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန်နှင့် မြန်မာ့တင်းနစ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ “၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား’’ကို ယနေ့ နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူတင်းနစ်ကွင်း၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒိုင်လူကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ တင်းနစ်အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေပြီး တင်းနစ်အားကစားနည်းကို နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားကစားကြစေခြင်းဖြင့် တင်းနစ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ နိုင်ငံတော်က အားထားရမယ့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားကောင်းများဖြစ်လာအောင် ကြိုးစားသွားကြရန်၊ နိုင်ငံတော်မှ အားကစားကို အားပေးပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည့်အတွက် အားကစားသမားများဘက်မှလည်း နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး၊ နိုင်ငံ့ဂုဏ်သိက္ခာကျစေမည့် ပြုမူဆောင်ရွက်မှုမျိုး မပြုလုပ်မိစေရန်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အားကစား မောင်/မယ်များဟာ မိမိတို့ရဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းအောင်နိုင်ရေးအတွက် အားကစား စိတ်ဓာတ် အပြည့်အဝနဲ့ ကြိုးစားယှဉ်ပြိုင်သွားကြရန် ၊ ဒိုင်လူကြီးများကလည်း တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်ပေးရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများက အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့၍ တင်းနစ်ပြိုင်ပွဲအား တင်းနစ်ရိုက် ဖွင့်လှစ်ပေးခဲ့ပြီး ပထမနေ့ ပွဲစဉ်များကို ကြည့်ရှုအားပေးခဲ့ပါသည်။

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲကို မေလ(၂၂)ရက်နေ့မှ (၂၈)ရက်နေ့ အထိ ရန်ကုန်မြို့၊ သိမ်ဖြူတင်းနစ်ကွင်းတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အမျိုးသားအသင်း(၁၅)သင်း၊ အမျိုးသမီးအသင်း(၁၂)သင်း စုစုပေါင်းအသင်း အုပ်ချုပ်သူ/နည်းပြ၊ အားကစားသမားအင်အား (၁၆၂)ဦးတို့ဖြင့် ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရှိရသည်။