အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ(၁၈)။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံဘောလုံးပြိုင်ပွဲနှင့် ပညာရေး ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားစားရုံ (B)၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီးနောက် မိတ္ထီလာပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ ကျောင်းသူလေးများက Fitness Dance ဖြင့်လည်းကောင်း၊ တောင်ငူပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူလေးများက ကဗျာလွတ်အကဖြင့်လည်းကောင်း၊  မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ကျောင်းသူ လေးများက မြန်မာ့သိုင်းဖြင့်လည်းကောင်း၊ ရန်ကင်းနှင့်လှည်းကူး ပညာရေးဒီဂရီကောလိပ်တို့မှ ကျောင်းသား/ ကျောင်းသူလေးများက ဝူရှူးအားကစားဖြင့်လည်းကောင်း၊ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ကျောင်းသူလေးများက တိုက်ကွမ်ဒို အားကစားဖြင့်လည်းကောင်း သရုပ်ပြတင်ဆက် ကပြခဲ့ကြသည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားအပြီးတွင်  (အမျိုးသား)ဘော်လီဘောပြိုင်ပွဲအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ တောင်ကြီးပညာရေးဒီဂရီကောလိပ်နှင့် ပြည်ပညာရေးဒီဂရီကောလိပ်တို့၏ ယှဉ်ပြိုင်ကစားခဲ့မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များကို အောက်မြန်မာပြည် ဇုန်(၄)ခုနှင့် အထက်မြန်မာပြည် ဇုန်(၄)ခု သတ်မှတ်၍ လူရွေးပွဲများကို သက်ဆိုင်ရာဇုန်အလိုက် မြို့များတွင် ခွဲ၍ ကျင်းပပြုလုပ်ခဲ့ပြီး ဗဟိုအဆင့်ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်/နည်းပြ၊ အားကစားသမား (ကျောင်းသား/ကျောင်းသူ) စုစုပေါင်း (၂၀၀) ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပညာရေးဒီဂရီကောလိပ်များမှ အားကစားသမား(ကျောင်းသား/ကျောင်းသူ)များသည် ရန်ကုန်ဇုန် (အောက်မြန်မာပြည်ဇုန်)တွင် (၄၇၁)ဦးနှင့် မန္တလေးဇုန် (အထက်မြန်မာပြည်ဇုန်)တွင် (၄၁၃)ဦး၊ စုစုပေါင်း (၈၈၄) ဦးတို့သည် ဘောလုံး၊ ဘော်လီဘောနှင့် ပိုက်ကျော်ခြင်း အားကစားနည်း (၃)မျိုးတို့အား ယှဉ်ပြိုင်ကစားခဲ့ကြပြီး၊ ဗဟိုအဆင့်တွင် ဇုန်အဆင့်မှ အနိုင်ရရှိလာသော ဘောလုံးအမျိုးသား (၄)သင်း၊ ဘော်လီဘော အမျိုးသား (၄)သင်း၊ ဘော်လီဘောအမျိုးသမီး (၄)သင်းနှင့် ပိုက်ကျော်ခြင်းအမျိုးသား (၄)သင်းတို့သည် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဆက်လက်ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်ပြီး ပြေးခုန်ပစ် အားကစားနည်းကို ပညာရေးဒီဂရီကောလိပ်ကျောင်းမှ ကျောင်းသား/ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင် ကစားသွားကြမည် ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲများကို (၁၈.၂.၂၀၂၃)ရက်နေ့မှ (၂၈.၂.၂၀၂၃)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ သက်ဆိုင်ရာ အားကစားကွင်း/အားကစားရုံများ၌ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။