အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ(၂၁)။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများအား ယနေ့ နံနက် (၇)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်လျက်ရှိရာ ပြေးခုန်ပစ် အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသား မီတာ(၁၅၀၀) ပြိုင်ပွဲတွင် ပထမဆု မောင်ခန့်ဇင်ကိုကို(သင်္ဃန်းကျွန်း)၊ ဒုတိယဆု မောင်ခွန်ရန်နိုင်ထွန်း(တောင်ကြီး)၊ တတိယဆု မောင်စိုင်းသီဟစိုး(ဘားအံ)နှင့် အမျိုးသမီး မီတာ(၁၅၀၀)ပြိုင်ပွဲတွင် ပထမဆု မနန်းစုထွေး (စစ်ကိုင်း)၊ ဒုတိယဆု မခိုင်စံပယ်ဦး(တောင်ကြီး)၊ တတိယဆု မအေးမြင့်ဦး(ဟားခါး)တို့အား ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်မှ ဆုဆွဲပြားနှင့်ငွေသားဆုများအားလည်းကောင်း၊ အမျိုးသား မီတာ(၂၀၀)ပြိုင်ပွဲတွင် ပထမဆု မောင်စောတူးတူးဘီ(ဘားအံ)၊ ဒုတိယဆု မောင်ကျော်မြတ်သူ (တောင်ကြီး)၊ တတိယဆု မောင်သန့်ဇင်ထွန်း(မိတ္ထီလာ)နှင့် အမျိုးသမီး မီတာ(၂၀၀)ပြိုင်ပွဲတွင် ပထမဆု မဆုပြည့်ဦး(ထားဝယ်)၊ ဒုတိယဆု မဆုနံ့သာအောင်(ဘားအံ)၊ တတိယဆု မဆုပိုပိုကျော်(ပုသိမ်)တို့အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ ဆုဆွဲပြားနှင့်ငွေသားဆုများအားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပပြုလုပ် လျက်ရှိသည့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ နှစ်သိမ့်ဆုရရှိသည့် မန္တလေး(EDC) အသင်းကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ငွေသားဆုအားလည်းကောင်း၊ တတိယဆုရရှိသည့် မုံရွာ(EDC)အသင်းကို ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်မှ တစ်ဦးချင်းဆုဆွဲပြားနှင့် ငွေသားဆုအားလည်းကောင်း၊ ဒုတိယဆု ရရှိသည့် တောင်ငူ(EDC)အသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ တစ်ဦးချင်းဆုဆွဲပြားနှင့်ငွေသားဆုအားလည်းကောင်း၊ ပထမဆုရရှိသည့် ရန်ကင်း(EDC)အသင်းကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်မှ တစ်ဦးချင်းဆုဆွဲပြား၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုအားလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မွန်းလွဲ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိသည့် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် မကွေးပညာရေးဒီဂရီကောလိပ်အသင်းက ပုသိမ်ပညာရေးဒီဂရီကောလိပ်အသင်းကို (၁)ဂိုး ဂိုးမရှိဖြင့် ယှဉ်ပြိုင်ကစားခဲ့မှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် (၂၂.၂.၂၀၂၃)ရက်နေ့ မွန်းလွဲ (၃)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ မိတ္ထီလာပညာရေးဒီဂရီကောလိပ်အသင်းနှင့် ဘားအံပညာရေးဒီဂရီကောလိပ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။