အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ် ၊ အာရှသက်ငယ်တန်းအားကစားပြိုင်ပွဲ(Asia Junior Sports Exchange Games 2022)သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ ပြည်ပထွက်ခွာ

ရန်ကုန်၊စက်တင်ဘာလ(၁၃)ရက်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၁၄)ရက်နေ့ မှ (၂၀)ရက်နေ့အထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၂ ခုနှစ်၊ အာရှသက်ငယ်တန်းအားကစားပြိုင်ပွဲ (Asia Junior Sports Exchange Games 2022)သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း ခေါင်းဆောင်သော မြန်မာအားကစားအဖွဲ့သည် ယနေ့ နံနက်(၁၀:၃၀)နာရီအချိန်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်ကာပူ Airline SQ761 လေယာဉ်ဖြင့်ထွက်ခွာသွားရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့်တာဝန်ရှိပုဂ္ဂိုလ်တို့က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ပါသည်။

အဆိုပါပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့၌အဖွဲ့ခေါင်းဆောင်အဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယအဖွဲ့ ခေါင်းဆောင်အဖြစ် အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်တို့နှင့်အတူ ကြက်တောင်အားကစားနည်းမှ အုပ်ချုပ်သူ(၁)ဦး၊ နည်းပြ(၁)ဦး၊ အမျိုးသားအားကစားသမား(၃)ဦး၊ အမျိုးသမီးအားကစားသမား(၃)ဦး၊ စားပွဲတင်တင်းနစ် အားကစားနည်းမှ အုပ်ချုပ်သူ(၁)ဦး၊ နည်းပြ(၁)ဦး၊ အမျိုးသားအားကစားသမား (၃)ဦး၊ အမျိုးသမီးအားကစားသမား(၂)ဦး၊ Para Badminton ပြိုင်ပွဲ ယှဉ်ပြိုင်ရန်အတွက်နည်းပြ(၁)ဦး၊ အမျိုးသားအားကစားသမား(၁)ဦး၊ Para Table Tennis ပြိုင်ပွဲ ယှဉ်ပြိုင်ရန်အတွက် နည်းပြ(၁)ဦးနှင့် အမျိုးသားအားကစားသမား(၁)ဦး၊ စုစုပေါင်း(၂၁)ဦးတို့လိုက်ပါသွားကြောင်း သိရှိရသည်။