အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(ဇုန်)အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီးမြို့၊ စက်တင်ဘာလ(၂၇)ရက်။

ရှမ်းပြည်နယ်ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်အတွင်းရှိဒေသခံတိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေး၊ မျိုးဆက်သစ်ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်တို့ကိုရည်ရွယ်ကာ ၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(ဇုန်)အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၆.၉.၂၀၂၂ ရက်နေ့ ညနေ(၁၅:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့၊သစ်တောရပ်ကွက်ရှိ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူများ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများ ၊ ပြိုင်ပွဲဝင်အသင်းများမှ နည်းပြများနှင့် အားကစားသမားများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်တဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား(ဇုန်)အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ရှမ်းပြည်နယ်အတွင်းရှိ ဇုန်(၃)မှတက်ရောက်လာသော ပထမ၊ ဒုတိယ၊ တတိယရရှိသောအသင်းများဖြစ်ကြသော ရှမ်းပြည်နယ်(တောင်ပိုင်းဇုန်) မြို့နယ် (၂၁)မြို့နယ်မှ တက်ရောက်လာကြသော ပထမ၊ ဒုတိယ၊ တတိယရရှိသောအသင်း (၃)သင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်းဇုန်) မြို့နယ်(၁၉)မြို့နယ်မှ တက်ရောက်လာကြသော ပထမ၊ ဒုတိယ၊ တတိယရရှိသောအသင်း(၃)သင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းဇုန်) မြို့နယ်(၉)မြို့နယ်မှ တက်ရောက်လာကြသော ပထမ၊ ဒုတိယ ရရှိသောအသင်း(၂)သင်း ၊ စုစုပေါင်းအသင်း (၈)သင်းဖြင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၆)နှစ်အောက် ဇုန်အလိုက် ဘောလုံးပြိုင်ပွဲကို ထပ်မံကျင်းပပြုလုပ်ပြီး ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအတွက် ရှမ်းပြည်နယ်လက်ရွေးစင်အားကစားသမားများကိုရွေးချယ်သွားမှာဖြစ်ကြောင်း၊ ယနေ့နိုင်ငံတော်မှ လူငယ်/လူရွယ်များကို ဘက်စုံ/ထောင့်စုံမှ အရည်အသွေးမြှင့်တင်ပေးရန် အလေးထားဆောင်ရွက်ပေးနေပါကြောင်း၊အရည်အသွေးပြည့်ဝသောလူငယ်အဖွဲ့အစည်းများကိုပိုင်ဆိုင်ထားသည့်နိုင်ငံများသည် အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက် လေ့ရှိပါကြောင်း၊ နိုင်ငံတော်၏ အနာဂတ်တာဝန်ကိုပခုံးပြောင်းတာဝန်ယူကြမည့် လူငယ်/လူရွယ်များ၏ ကျန်းမာကြံ့ခိုင်မှု၊ အရည်အချင်းပြည့်ဝမှု၊ စိတ်ဓာတ်ရေးရာမြင့်မားမှု ၊ စည်းကမ်းလိုက်နာမှုစသည်တို့ကို အားကစားပြုလုပ်ခြင်းဖြင့်ပြောင်းလဲဖော်ဆောင်နိုင်စေမှာဖြစ်ပါကြောင်း၊ ယနေ့အားကစားကဏ္ဍကိုကြည့်မယ်ဆိုရင် လေ့ကျင့်ရေးစွမ်းရည်ကောင်းမွန်သူတွေသာ အောင်ပွဲဆင်နိုင်တာကို တွေ့ရှိရပါကြောင်း၊ ပြိုင်ပွဲမှာ ” တရားသဖြင့်ယှဉ်ပြိုင်နိုင်အောင်ကြိုးပမ်း ” ဆိုတဲ့စိတ်ဓာတ်ထားရှိပြီး မိမိကိုယ်စားပြုမြို့နယ်အသင်း အနိုင်ရရှိအောင်တရားမျှတစွာ ယှဉ်ပြိုင်ကစားသွားကြစေလိုကြောင်း၊ အားကစားသမားကောင်းစိတ်ဓာတ်များထားရှိပြီး အနိုင်အရှုံးသည် ပဓာနမကျဘဲ ယှဉ်ပြိုင်ခြင်းသည်သာအဓိကဆိုတဲ့ခံယူချက်ထားရှိပြီး ယှဉ်ပြိုင်မှုတိုင်းကို သန့်ရှင်းစွာအလေးထားယှဉ်ပြိုင်ကြဖို့အထူးမှာကြားလိုပါကြောင်း အစရှိသည်တို့ကိုပြောကြားခဲ့ပါသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ဘင်ခရာအဖွဲ့နှင့်အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရှိရပြီး ပထမနေ့ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ကျိုင်းတုံမြို့နယ်အသင်းနှင့် သိန္နီမြို့နယ်အသင်းတို့ပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

၂၀၂၂ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(ဇုန်)အလိုက် အသက် (၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ မြို့နယ်များမှ ပြိုင်ပွဲဝင်အသင်း(၈)သင်းဖြင့် အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားအင်အား စုစုပေါင်း (၁၆၀)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲကို (၂၆.၉.၂၀၂၂)ရက်နေ့မှ(၅.၁၀.၂၀၂၂)ရက်နေ့အထိ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရှမ်းပြည်နယ်အတွင်းရှိ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရှိရပါသည်။