အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများတွင် ရွှေ ၊ ငွေ ၊ ကြေးတံဆိပ်ဆုများ ရရှိခဲ့သည့် ရှမ်းပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

အောက်တိုဘာ ၈ ရက်၊ တောင်ကြီးမြို့

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်မှ ၂၀၂၂ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများ (ကြက်တောင် ၊ စားပွဲတင်တင်းနစ် ၊ ဘတ်စကက်ဘော ၊ ဘိလိယက်/စနူကာ)တွင် ရွှေ ၊ ငွေ ၊ ကြေးတံဆိပ်ဆုများ ရရှိခဲ့ကြသော ရှမ်းပြည်နယ်ဂုဏ်ဆောင်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် အားကစားသမားများ ဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့ နံနက် (၀၉း၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရကာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ပြည်နယ် / ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ အုပ်ချုပ်သူ/နည်းပြများ နှင့် ပြိုင်ပွဲဝင်ဆုရအားကစားသမားများမှ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်တယ် ယနေ့ကျင်းပပြုလုပ်တဲ့ ဂုဏ်ပြုပွဲအခမ်းအနားကတော့ အင်မတန်မှကျက်သရေမင်္ဂလာရှိတဲ့ပွဲဖြစ်တာနဲ့အညီ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများကို ရှမ်းပြည်နယ်ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ဆုရအားကစားသမားများဖြစ်သော ဘတ်စကက်ဘော 5×5 နှင့် 3×3 ပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဒိုင်းဆုများရရှိခဲ့ပြီး ၂၀၂၂ ခုနှစ် အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ပွဲမှာတော့ ဘတ်စကက်ဘောပရိတ်သတ်များရဲ့ရှေ့မှောက်တွင် ပြိုင်ဘက်အသင်းများအား ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပြီး တံခွန်စိုက် ပထမဆုဖလားကြီးများကို ဆွတ်ခူးရရှိခဲ့သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်လည်း အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ၊ အလားတူပြိုင်ပွဲများဖြစ်သော ကြက်တောင်ပြိုင်ပွဲ ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ၊ ဘိလိယက်/စနူကာပြိုင်ပွဲများတွင် ရွှေ ၊ ငွေ ၊ ကြေးဆုတံဆိပ်များ ရရှိခဲ့၍ ထပ်ဆင့်ဂုဏ်ယူမိပါကြောင်း ၊ ပြည်နယ်ရဲ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးကြတဲ့ အားကစားသမားအားလုံးရဲ့ စွမ်းဆောင်နိုင်မှုများကို မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း ၊ ယခုရရှိထားသည့်အောင်မြင်မှုတွင် ရပ်တန့်မနေဘဲ နောင်လာမည့်ပြိုင်ပွဲများမှာလည်း ယခုထက်ပိုမို အောင်မြင်အောင်စွမ်းဆောင်ပြီး ပြည်နယ်နှင့်နိုင်ငံရဲ့ဂုဏ်ကို အားကစားဖြင့် ဆထက် ထမ်းပိုးတိုး၍ မြှင့်တင်နိုင်ကြစေလိုပါကြောင်း ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်ရဲ့အားကစားအဆင့်အတန်းမြင့်မားလာစေရန်အတွက် ဘက်ပေါင်းစုံကနေ အမြဲတမ်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသွားကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်ဝန်ကြီးများမှ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁၆၆)သိန်းနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဒေသဦးစီးဥက္ကဌ ဦးမြင့်ဆွေမှ ဘတ်စကက်ဘောပြိုင်ပွဲတွင် ဆုရအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၃၄၀)သိန်း စုစုပေါင်းကျပ် (၅၀၆)သိန်းတိတိ/- နှင့် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်တကွ ပြည်နယ်ဝန်ကြီးချုပ်မှ ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်းသိရှိရပါသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးကာ လက္ဘက်ရည်/အချိုပွဲများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။