အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

လားရှိုး ၊ ဩဂုတ်လ (၂၅)ရက်။

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့ဘတ်စကက်ဘောအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေး၊ မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ကာ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၀၉:၀၀)နာရီတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ၊ (၁၂)ရပ်ကွက်ရှိ လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦး ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အုပ်ချုပ်သူများ ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ၊ ပြိုင်ပွဲဝင်အသင်းများမှ နည်းပြများနှင့် အားကစားသမားများ၊ ဒုတိယပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲများ ၊ ရိုးရာအကအဖွဲ့များတက်ရောက်ခဲ့ကြပါသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ဘတ်စကက်ဘော အားကစားနည်းသည် မြန်မာအားကစားလောကတွင် အစဉ်အလာရှိသော အားကစားနည်းဖြစ်ပါကြောင်း ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းအားဖြင့် နိုင်ငံတော်အတွက် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာနိုင်မည်ဖြစ်ပါကြောင်း ၊ ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် သတ်မှတ်ထားသောစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ အနေဖြင့် အမှတ်ပေးစည်းမျဉ်း/စည်းကမ်းများနှင့်အညီ စနစ်တကျကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ၊ အုပ်ချုပ်သူ/နည်းပြများအနေဖြင့်လည်း စည်းမျဉ်း/စည်းကမ်းများကို စနစ်တကျနားလည်သဘောပေါက်ရန်လိုအပ်ပြီး အုပ်ချုပ်သူ/နည်းပြများမှ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ၊ အားကစားပြုလုပ်ခြင်းဖြင့် ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုး တိုးတက်စေသည့်အပြင် စည်းကမ်းလိုက်နာမှု ၊ အမိန့်နာခံတတ်မှုနှင့် ကိုယ်ကျင့်တရားကောင်းမွန်မှု စသည့်လူ့ကျင့်ဝတ်သိက္ခာများတိုးတက်မှုတို့ကို များစွာအထောက်အကူပြုပါကြောင်း ၊ ယခုပြိုင်ပွဲမှထူးချွန်ထက်မြက်သည့် မြန်မာ့လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ပါစေကြောင်း ၊ ယခုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် အနိုင်မခံအရှုံးမပေးဘဲ နောက်ဆုံးချိန်အထိ ရေကုန်ရေခမ်း ကြိုးစားယှဉ်ပြိုင်သွားကြရန်လိုကြောင်း ၊ ဒိုင်လူကြီးများမှ ဘက်လိုက်မှုကင်းရှင်းပြီး တရားမျှတစွာ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများအတိုင်း ဆုံးဖြတ်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ နိုင်ငံတော်မှ မြန်မာ့အားကစားကို အစွမ်းကုန်ထူးကဲစွာ အားပေးချီးမြှောက်နေသည့် အချိန်ကာလဖြစ်သည့်အတွက် အားကစားသမားများအနေနှင့် မိမိတို့၏အစွမ်းအစအရည်အသွေးများကို အစွမ်းကုန် ဖော်ထုတ်ပြသပြီး မိမိတို့ကိုယ်စားပြုသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အနိုင်ရရှိစေရေး အားကစားစိတ်ဓါတ်အပြည့်အဝဖြင့် အသန့်ရှင်းဆုံးပါဝင်ယှဉ်ပြိုင်သွားကြရန်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲများမှတဆင့် နိုင်ငံတော်မှအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ တိုင်းမှူးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ဘင်ခရာအဖွဲ့ ၊ အကအဖွဲ့များမှ တေးသရုပ်ဖော်မှုနှင့် တိုင်းရင်းသားရိုးရာအကများဖြင့်ဖျော်ဖြေတင်ဆက်မှုများကိုကြည့်ရှုအားပေးခဲ့ကာ ဂုဏ်ပြုချီးမြှင့်ငွေများချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရှိရပြီး ပထမနေ့ပြိုင်ပွဲ ပထမပွဲစဉ်အဖြစ် အမျိုးသားပြိုင်ပွဲ ရှမ်းပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

၂၀၂၂ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်း(၁၁)သင်း ၊ အမျိုးသားအသင်း(၁၁)သင်း ၊ အမျိုးသမီးအသင်း (၉)သင်းဖြင့် အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားအင်အား စုစုပေါင်း (၃၀၂)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲကို (၂၅.၈.၂၀၂၂) ရက်နေ့မှ (၃၁.၈.၂၀၂၂)ရက်နေ့အထိ ရှမ်းပြည်နယ် ၊ လားရှိုးမြို့ရှိ လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရှမ်းပြည်နယ်အတွင်းရှိ ဘတ်စကက်ဘောအားကစားနည်းကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရှိရပါသည်။