အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ် ၊ နွေရာသီ အားကစားသင်တန်းနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ (ရန်ကုန်) ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ မေလ (၁) ရက်နေ့။

၂၀၂၂ ခုနှစ် ၊ နွေရာသီအားကစားသင်တန်းနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (ရန်ကုန်) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ်(၁၃:၀၀) နာရီ အချိန်၌ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ အတွင်းရေးမှူးများ၊ အမှုဆောင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။

အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား/ ကျောင်းသူ လူငယ်မောင်မယ်များ အနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချပြီး အားကစား ပြုလုပ်တာကို ပျော်ရွှင်ခြင်းမှတဆင့် ဝါသနာပါရာအားကစားနည်းကို အခြေခံမှစပြီး စနစ်တကျ သင်ကြားခွင့်ရရှိမှာ ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် အားကစားနည်း(၂၀)နည်းကို အခြေခံမှစ သင်ကြားလေ့ကျင့်ပေးသွားမှာဖြစ်သည်ဟုသိရှိရပါကြောင်း ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှပူးပေါင်း၍ လူငယ်များ၏ စွမ်းဆောင်ရည်၊ တိုင်းချစ်ပြည်ချစ် စိတ်ဓါတ်မြင့်မားရေးစသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်နှင့် အားကစားဆိုင်ရာ အသိပညာပေး ဟော ပြောပွဲများကို အားကစားစင်တာများမှာ ဆောင်ရွက်သွားမည်ဟု သိရှိရသည့်အတွက် ထိထိရောက်ရောက်ဖြစ်စေရေးကိုလည်း အထူးအလေးထားဆောင်ရွက်ပေးဖို့ တိုက်တွန်း မှာကြားလိုပါကြောင်း၊ ဒီကနေ့ သင်တန်းတက်ရောက်တဲ့ သင်တန်း သား/သင်တန်းသူများထဲမှ နောင်တချိန်မှာ အားကစားဖြင့် နိုင်ငံ့ဂုဏ်မြှင့်တင်ပေးနိုင်မည့် အားကစားလူရည်ချွန်များ ပေါ်ထွန်းလာပြီး အနာဂတ်မှာ ပုခုံးပြောင်း တာဝန်ထမ်းဆောင်နိုင်မည့် စွမ်းရည်ပြည့်ဝသော လူတော်လူကောင်းများ ဖြစ်လာအောင် နွေရာသီအားကစားသင်တန်းများမှတဆင့် လူငယ်များကို ပြုစုပျိုးထောင်ပေးရေးဆိုတဲ့ ကောင်းမွန်သော ရည်ရွယ်ချက်များကို အကောင်အထည်ဖော် အောင်မြင်အောင် ပူးပေါင်း ကူညီဆောင်ရွက်ပေးကြတဲ့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာန၊မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များ နှင့် တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် နွေရာသီကျောင်းပိတ်ရက်များမှာ လူငယ် လူရွယ်များ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရေး အခြေခံအားကစားနည်းတစ်ရပ်ရပ်ကို လေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်းမြင့်မားတဲ့ အားကစားသမားကောင်း များ ပေါ်ထွက်လာစေရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးစသည့် ရည်ရွယ်ချက်ကောင်းများနဲ့ ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် Mass Sports လို့ခေါ်တဲ့ လူထုအားကစား လှုပ်ရှားမှုများကို တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်လာစေရန် စည်းရုံးဆောင်ရွက်ရေးနဲ့ Excellent Sports ဆိုတဲ့ ထူးချွန်ထက်မြက်သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများ မွေးထုတ်ပေးရေး၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများမှာ အဆင့်မြင့်မားစွာ ပါဝင်ယှဉ်ပြိုင်ရေးနဲ့ အရှေ့တောင်အာရှမှသည် အာရှ၊ အာရှအဆင့်မှသည် ကမ္ဘာ့အဆင့်အထိ တက်လှမ်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရေး ဟူသောမူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအချိန်တွင် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ တိုးချဲ့ဖွဲ့စည်းခွင့်ပြုခဲ့သည့်အတွက် လူငယ်များ၏ အနာဂတ်အလားအလာကောင်းများကို ဖြည့်ဆည်းပေးနိုင်ရေးကို ဦးတည်၍ လူငယ်ရေးရာဦးစီးဌာန၌ မူဝါဒ(၇)ရပ်၊ ရည်မှန်းချက် (၇)ရပ်နှင့် လုပ်ငန်းစဉ် (၁၀)ရပ်ကို ချမှတ်ထားရှိပြီး လူငယ်များ၏ စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်၊ တာဝန်ယူမှု/ တာဝန်ခံမှုများနှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့သားကောင်း လူငယ်များဖြစ်လာစေရေး စနစ်တကျ ပြုစုပျိူးထောင်ပေးရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေနှင့် ပြန်ကြားရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာနများနှင့် ပူးပေါင်းပြီး လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ မြို့နယ်ပေါင်း(၁၀၆)မြို့နယ်မှ အခြေခံပညာကျောင်းများတွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ယခုလည်း နွေရာသီအားကစားသင်တန်းဖွင့်လှစ်မည့် စင်တာများတွင် လူငယ်နှင့် အားကစား ဆိုင်ရာအသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ အမျိုးသား အားကစားအဆင့်အတန်း မြင့်မားတိုးတက်ရေးလုပ်ငန်းများဟာ များပြားကျယ်ပြန့်လှတာကြောင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန တစ်ခုတည်းက တာဝန်ယူဆောင်ရွက်လို့ရနိုင်တဲ့ ကိစ္စမျိုးမဟုတ်ဘဲ နိုင်ငံတော်အစိုးရရဲ့ ဦးဆောင် လမ်းညွှန်မှုနဲ့အတူ ပြည်ထောင်စုဝန်ကြီးဌာန အားလုံး၊ ပြည်နယ်/ တိုင်း ဒေသကြီးအစိုးရ အဖွဲ့များ အားလုံး၊ ဒေသဆိုင်ရာခရိုင်၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့အစည်း အဆင့်ဆင့်၊ အားကစားဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်နဲ့အတူ အားကစား ဝါသနာရှင်များ၊ စေတနာရှင် အလှူရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် ပြည်သူ တစ်ရပ်လုံး အမျိုးသားရေး စိတ်ဓာတ်နဲ့ အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်လာမှသာ အချိန် ကာလအတိုင်းအတာ တစ်ခုအတွင်းမှာ အောင်မြင်မှုရရှိလာနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ ပါသည်။

ထို့နောက် နွေရာသီအားကစားသင်တန်းသား/သင်တန်းသူများမှ အားကစားသစ္စာ အဓိဌာန်(၄)ချက် ရွတ်ဆိုပြီးနောက် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားပြီး ဆက်လက်၍ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်၊မြန်မာနိုင်ငံ ရိုးရာခြင်းလုံး အဖွဲ့ချုပ် ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကျွမ်းဘား အဖွဲ့ချုပ်တို့မှ အားကစားသမား များက သရုပ်ပြသ၍ အခမ်းအနားကို အောင်မြင်စွာဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။