အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲအုပ်စုမဲနှိုက်ခြင်း၊ ပွဲစဉ်ဇယား ရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာလ (၁၆) ရက်။

၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲအုပ်စုမဲနှိုက်ခြင်း၊ ပွဲစဉ်ဇယား ရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၂) နာရီ အချိန်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း B ရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁)နှင့် အားကစားနှင့် ဆေးဘက်ဌာနခွဲမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်ဝန်ကြီးဌာနအသင်းအုပ်စုများ/ အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ပြိုင်ပွဲကျင်းပခွင့် ရရှိရန်အတွက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျင်းပရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက် တောင်းခံခဲ့ရာ ခွင့်ပြုချက်ရရှိသည့်အတွက် Covid-၁၉ ရောဂါ စည်းကမ်းသတ်မှတ်ချက်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊

ယခင်နှစ်များတွင် ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းမရှိသော်လည်း ယခုနှစ်တွင် ဘောလုံးအားကစားနည်းအား ထည့်သွင်းကျင်းပခြင်းမရှိဘဲ ကျန်အားကစားနည်းများအား ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ ကျန်းမာကြံခိုင် ပျော်ရွှင်ရန်အတွက် ယခုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊

ဝန်ထမ်းများအနေဖြင့် ချစ်ကြည်ရင်းနှီးစွာဖြင့် အားကစားစိတ်ဓာတ်အပြည့်အဝနှင့် ပါဝင်ယှဉ်ပြိုင်ကြဖို့ တိုက်တွန်းမှာကြားလိုကြောင်း၊ အနိုင်ရလိုစိတ်ကြောင့် အချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်း၊ အငြင်းပွားခြင်း၊ ဒိုင်များအား စောဒကတက်ခြင်း၊ အကြည်အညိုပျက်စေမည့်လုပ်ရပ်များ မပြုလုပ်ကြရန်လိုအပ်ကြောင်း၊

ပျော်ပွဲရွှင်ပွဲအတွက် ပြုလုပ်ခြင်းဖြစ်သည့် (Amateur) အပျော်တမ်းအားကစားပြိုင်ပွဲသာဖြစ်ပြီး လက်ရွေးစင်ပြိုင်ပွဲ၊ (SEA Games) ပြိုင်ပွဲမဟုတ်သည့်အတွက် (Participant) ပါဝင်သူများများဖြင့် ယှဉ်ပြိုင်သည့် ပျော်ပွဲရွှင်ပွဲသာဖြစ်ကြောင်း၊ Manager Meeting မှာ အများသဘောဆန္ဒအတိုင်း ညှိနှိုင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် အသင်းအုပ်ချုပ်သူများအစည်းအဝေးအား ဆက်လက်ကျင်းပရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲ ကျင်းပပေးခြင်းဖြင့် National Fitness ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူ ဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ အပန်းဖြေမှုဖြစ်သလို ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံး၊ ချစ်ချစ်ခင်ခင်ဖြစ်စေရေးနှင့် ဝန်ထမ်းများ တက်ကြွရွှင်လန်းစွာဖြင့် တာဝန်နှင့်ဝတ္တရား များကိုကျေပွန်စွာ ပိုမိုထမ်းဆောင်နိုင်စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှကြီးမှူး၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို အားကစားနည်း (၆)နည်းအား (၂၁.၁၂.၂၀၂၁)ရက်နေ့မှ (၄.၁.၂၀၂၂) ရက်နေ့ အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (Sports Complex)ရှိ သက်ဆိုင်ရာ အားကစားကွင်း/ အားကစားရုံများတွင် Covid – ၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊

ပြိုင်ပွဲသို့ပါဝင်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနများအနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်း/ စည်းကမ်းများအတိုင်း ယှဉ်ပြိုင်ကြရန်နှင့် အစည်းအဝေးတွင် အတည်ပြုပြီးသော အားကစားသမားများအား အသင်းလိုက် မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ပြီးပါက ထပ်မံ၍လူစား လဲလှယ်ခြင်းများ မပြုလုပ်ကြရန်လိုအပ်ကြောင်း၊ စိစစ်အတည်ပြုပြီးသော အားကစားသမား များကို ထပ်မံကန့်ကွက်ခွင့်မပြုတော့ပါကြောင်းနှင့် ပြိုင်ပွဲဆုကြေးများမှာ တစ်ဦးချင်း ဆုဆွဲပြားများ နှင့် ပထမဆု ကျပ် (၂၀)သိန်း၊ ဒုတိယဆု ကျပ် (၁၅)သိန်း၊ တတိယဆု ကျပ် (၁၀)သိန်းနှင့် စတုတ္ထဆုအား ဆုကြေးငွေကျပ် (၅)သိန်းချီးမြှင့်သွားမည်ဖြစ်ပြီး ဘော်လီဘောပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆုများအား ဆုကြေးငွေကျပ် (၁)သိန်းနှင့် ဆုဖလား ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲများအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ရည်ရွယ်ချက် မပျောက်ပျက်စေရေး အတွက် ပါဝင်ယှဉ်ပြိုင်မည့် ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းနှင့် ဝန်ကြီးဌာနများမှ ဝိုင်းဝန်းပူးပေါင်း ကူညီပံ့ပိုးဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးများ၊ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်ဝန်ကြီးဌာနအသင်းများမှ အသီးသီး ဆွေးနွေးတင်ပြခဲ့ကြရာ တာဝန်ရှိသူများမှ ပြန်လည်ဖြည့်စွက်ပြောကြားခဲ့ပြီး အသင်းအလိုက် လူစစ်ဆေးခြင်းများ၊ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဒိုင်လူကြီးများအနေဖြင့် ဘက်လိုက်မှုမရှိဘဲ ညီညီမျှမျှ ဆုံးဖြတ်ဆောင်ရွက်ကြစေလိုကြောင်း၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများအနေဖြင့် ပျော်ပွဲရွှင်ပွဲပြိုင်ပွဲသာ ဖြစ်သည့်အတွက် ပျော်ပျော်ရွှင်ရွှင် ယှဉ်ပြိုင်ကစားကြရန်လိုကြောင်းပြောကြားခဲ့ပြီး အုပ်စုမဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယား ရေးဆွဲခြင်းများပြုလုပ်၍ အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါသည်။