အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ (၄၈) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဇွန် (၅)ရက်။

လူငယ်လူရွယ်များ လက်ဝှေ့အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေပြီး လက်ဝှေ့ အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မျိုးဆက်သစ် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ (၄၈)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့လေ့ကျင့်ရေးရုံ၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ လက်ဝှေ့ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာန စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဌာနခွဲ ညွှန်ကြားရေးမှူး    ဦးစန်းချို၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ယနေ့ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (၄၆)ကီလိုတန်းပြိုင်ပွဲတွင် တင်အောင်လင်း (စစ်ကိုင်းတိုင်း)မှ တင်ထူးအောင် (ပဲခူးတိုင်း)ကိုလည်းကောင်း၊ အမျိုးသား (၄၉)ကီလိုတန်းပြိုင်ပွဲတွင် ဝိုင်းချစ် (မန္တလေးတိုင်း)မှ စောအောင်မျိုးထွန်း (ကရင် ပြည်နယ်)ကိုလည်းကောင်း၊ အမျိုးသား (၅၆) ကီလိုတန်းပြိုင်ပွဲတွင် ရှိုင်းငယ် (ရှမ်းပြည်နယ်)မှ သူရ (ရန်ကုန်တိုင်း)ကိုလည်းကောင်း၊ အမျိုးသား (၆၀) ကီလိုတန်းပြိုင်ပွဲတွင် စောဘွယ်ကလို (ရန်ကုန်တိုင်း)မှ ရေမွန်းဒို (ရှမ်းပြည်နယ်)ကိုလည်းကောင်း၊ အမျိုးသား (၈၁)ကီလိုတန်းပြိုင်ပွဲတွင် မင်းအိဏ်ကောင်း (မန္တလေးတိုင်း)မှ စောငွေမိုး (ကရင်ပြည်နယ်) ကိုလည်းကောင်း၊ အမျိုးသမီး (၅၁)ကီလိုတန်းပြိုင်ပွဲတွင် နန်းအေးဗွေဟွမ် (ရှမ်းပြည်နယ်)မှ လထော်မေရီဆိုင်းမိုင် (ကချင် ပြည်နယ်)ကိုလည်းကောင်း၊ အမျိုးသမီး (၅၄)ကီလိုတန်းပြိုင်ပွဲတွင် ဆုမြတ်နိုး (တနင်္သာရီတိုင်း)မှ နော်ထူးလော်အယ် (ဧရာဝတီတိုင်း)ကိုလည်းကောင်း အသီးသီး ယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြပါသည်။

ဆက်လက်၍ ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသား (၄၆)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို စစ်ကိုင်းတိုင်း အသင်းအုပ်ချုပ်သူ ဒေါ်ချိုစိမ့်စိမ့်ကျော်မှလည်းကောင်း၊ အမျိုးသား (၄၉)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို အားကစားနှင့်ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးရဲလွင်မှလည်းကောင်း၊ အမျိုးသား (၅၆)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို ရှမ်းပြည်နယ်အသင်းအုပ်ချုပ်သူ ဒေါ်နန်းမို့မို့မောင်မှလည်းကောင်း၊ အမျိုးသား (၆၀) ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို ရန်ကုန်တိုင်း အသင်း အုပ်ချုပ်သူ ဦးမင်းဆွေဦးမှလည်းကောင်း၊ အမျိုး သား (၈၁)ကီလိုတန်း၊ အမျိုးသမီး (၅၁)ကီလိုတန်းနှင့် (၅၄)ကီလိုတန်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို မြန်မာနိုင်ငံလက်ဝှေ့ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးမှလည်းကောင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

အဆိုပါ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို (၆.၆.၂၀၂၂) ရက်နေ့ မွန်းလွဲ (၂) နာရီမှစ၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ လေ့ကျင့်ရေးရုံ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် လက်ဝှေ့အားကစားနည်းကို စိတ်ပါဝင်စားသော အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။