အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးနည်းပြနှင့်ဒိုင်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးနည်းပြနှင့်ဒိုင်သင်တန်းကိုနိုင်ငံတော်ရဲ့ ဦးတည်ချက်တစ်ရပ်ဖြစ်တဲ့ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရေးမြင့်မားရေးဆိုတဲ့ အမျိုးသားရေးဦးတည်ချက်ကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသမီးထုကျန်းမာကြံ့ခိုင်ပြီးစွမ်းရည်တိုးတက်မြင့်မားရေးအတွက်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးကြံ့ခိုင်မှုလေ့ကျင့်ရေးနည်းပြနှင့်ဒိုင်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်ကရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိအားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ပြည်ထောင်စုခန်းမ၌ ကျင်းပရာမြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌဒေါ်ရီရီဝင်းနှင့်အမှုဆောင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီး ဦးဗလကျော်သူနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းနည်းပြဆရာများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ သင်တန်းသူများတက်ရောက်ကြသည်။

ရှေးဦးစွာမြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌဒေါ်ရီရီဝင်းကအဖွင့်အမှာစကားပြောကြားရာတွင် ဒီသင်တန်းမှ ဒိုင်သင်တန်းတက်ရောက်သွားကြတဲ့ ဒိုင်များအနေနဲ့လည်းနှစ်စဉ်ကျင်းပတဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီးကိုယ်ကာယကြံခိုင်မှုလေ့ကျင့်ခန်း (Aerobic) ပြိုင်ပွဲနှင့် အခြားပြိုင်ပွဲများမှာဘက်လိုက်မှုကင်းပြီးတိတိကျကျမှန်ကန်စွာသုံးသပ်ဆုံးဖြတ်နိုင်တဲ့ သမာသမတ်ကျသောဒိုင်လူကြီးများအဖြစ် ဆောင်ရွက်သွားကြရမှာဖြစ်သလိုနည်းပြများအနေဖြင့်လည်းမိမိတာဝန်ကျရာဒေသများတွင် အားကစားသမားများအားအမှတ်ပေးစည်းမျဉ်းနှင့်အညီကစားကွက်များကိုသေချာသင်ကြားပြသ၍ ပြိုင်ပွဲဝင်နိုင်ရေးကိုအစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း၊ ကိုယ်စွမ်းရှိသလောက် ဉာဏ်စွမ်းရှိသလောက် ပူးပေါင်းကြိုးစားဆောင်ရွက်သွားကြပါရန် ပြောကြခဲ့ပြီးအမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ သင်တန်းသူစုစုပေါင်း(၃၉)ဦး တက်ရောက်ကြပြီး သင်တန်းအား အောက်တိုဘာလ (၁၂)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရှိ ရသည်။