အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဩဂုတ် (၁၈)ရက်။

မြန်မာ့ဘောလုံးအားကစားလောကအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်းမြှင့်တင်ရေးနှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ” ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ” ကို ယနေ့ မွန်းလွဲ (၃)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးနေဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဒေါက်တာစန်းစန်းအေး၊ ဦးအောင်ကျော်မိုး၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့်ဝန်ထမ်းများ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ယနေ့ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအသင်း နှင့် ကျန်းမာရေးဝန်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းမှ ကျန်းမာရေးဝန်ကြီးဌာန အသင်းကို (၂)ဂိုး ဂိုးမရှိဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပါသည်။

(၁၉.၈.၂၀၂၂)ရက်နေ့ မွန်းလွဲ(၃)နာရီခွဲတွင် အုပ်စုပတ်လည် ပြိုင်ပွဲပွဲစဉ်အဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားလေ့ကျင့်ရေးကွင်း ကွင်းအမှတ်(၁)၌ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားလေ့ကျင့်ရေးကွင်း ကွင်းအမှတ်(၃)၌ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းတို့မှ ဆက်လက်ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ရာ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့်မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။