အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇူလိုင်(၁၉)။

National Fitness ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်၊ မြန်မာ့အားကစားလောက တိုးတက်ဖွံ့ဖြိုးစေရန်၊ ထူးချွန်ထက်မြက်သည့် ပိုက်ကျော်ခြင်း မျိုးဆက်သစ်အားကစားသမားများ ပိုမိုပေါ်ထွက်လာစေရန်နှင့် အားကစားသမားများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်း၊ ပွဲစဉ်ဇယားရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ အစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင် အသင်းအုပ်ချူပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီးဖြင့် လိုက်လံတွေ့ဆုံ နှုတ်ဆက်ခဲ့ပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ စိတ်အပန်းပြေပြီး ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးနှင့် တက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထမ်းဆောင်နိုင်စေရန်အတွက် ဝန်ကြီးဌာနပေါင်းစုံပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန် ပြိုင်ပွဲကျင်းပပြုလုပ်မည့် အစီအစဉ်များနှင့် စည်းမျဉ်း/စည်းကမ်းများကို ဝန်ကြီးဌာနများသို့ ကြိုတင်ဖြန့်ဝေပေးထားပြီး ဖြစ်သည့်အတွက် သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ပေးကြရန်နှင့် ထပ်မံ၍ လူစားလဲလှယ်ခြင်းမပြုလုပ်ကြရန် မှာကြားလိုကြောင်း၊ ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲတွင် ယခင်က (၂၇)သင်းသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ယခုဝန်ကြီးဌာနပေါင်းစုံပြိုင်ပွဲတွင် (၃၂)သင်းအထိ ပိုမိုပါဝင်ယှဉ်ပြိုင်လာကြသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဆုကြေးငွေများအဖြစ် ပထမဆု ကျပ်သိန်း (၃၀)၊ ဒုတိယဆု ကျပ်သိန်း (၂၀)၊ တတိယဆု ကျပ်(၁၅)သိန်းနှင့် စတုထ္တဆု ကျပ် (၁၀)သိန်းတို့ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ပြိုင်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဝန်ကြီးဌာနများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ အစည်းအဝေးတက်ရောက်လာကြသူများမှ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီးနောက် အုပ်စုပွဲစဉ်များ မဲနှိုက်၍ ပွဲစဉ်ဇယားရေးဆွဲခြင်းများပြုလုပ်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။