အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ဒုတိယနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဩဂုတ်(၂၇)ရက်။

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်းမြင့်မားလာစေရန်နှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် မျိုးဆက်သစ်ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ” ၂၀၂၂ ခုနှစ်၊ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲ” ကွာတားဖိုင်နယ် ဒုတိယနေ့ပွဲစဉ်များကို ယနေ့ ညနေ(၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ဆက်လက်ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး၊ဗိုလ်ချုပ်ဖြိုးသန့်၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးအောင်ကျော်ထွန်းနှင့် ဦးအောင်မြိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

ယနေ့ ကွာတားဖိုင်နယ်ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ညနေ(၃)နာရီတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းမှ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အသင်းကို (၅)ဂိုး (၃)ဂိုးဖြင့်လည်းကောင်း၊ ညနေ(၅)နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို (၃)ဂိုး (၂)ဂိုး ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့ပါသည်။

(၂၉.၈.၂၀၂၂)ရက်နေ့ ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပထမနေ့ပွဲစဉ်အဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ညနေ(၃)နာရီတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့်မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။