အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(ဇုန်)အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

တောင်ကြီးမြို့၊ အောက်တိုဘာလ(၆)ရက်။

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ရှမ်းပြည်နယ်အားကစားကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ဘောလုံးအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးကို ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(ဇုန်)အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌ ယနေ့ ညနေ(၁၅:၀၀) နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ရပြီး ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် တာချီလိတ်မြို့နယ်အသင်းနှင့် ဆီဆိုင်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆီဆိုင်မြို့နယ်အသင်းမှ တာချီလိတ်မြို့နယ်အသင်းကို ၅ ဂိုး၊ ၁ ဂိုး ဖြင့်အနိုင်ရရှိသွားကြောင်း သိရှိခဲ့ရပါသည်။

အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးအောင်မြင့်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကို၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်ရဲထွေး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)၊ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထားသူများမှ ကြည့်ရှုအားပေးခဲ့ကြပါသည်။

ပြိုင်ပွဲတွင် တတိယဆုရရှိသွားသော ဟိုပုံးမြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များနှင့်ငွေသားဆု(၃)သိန်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်ရဲထွေးမှလည်းကောင်း၊ ဒုတိယဆုရရှိသွားသော တာချီလိတ်မြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များနှင့်ငွေသားဆု(၅)သိန်းကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းမှလည်းကောင်း၊ ယနေ့ပွဲစဉ်အတွက် အကောင်းဆုံးအားကစားသမားဆုရ Man Of The Match အား ဆီဆိုင်မြို့နယ်အသင်းမှ မောင်စိုင်းလှမြင့်၊ ဂိုးသမားအကောင်းဆုံး အားကစားသမားဆုရ ဆီဆိုင်မြို့နယ်အသင်းမှ ကျောနံပါတ်(1) မောင်ခွန်ကျော်ခမ်းတို့အား ငွေသားဆု(၅)သောင်း အကောင်းဆုံးကစားသမားဆုတံဆိပ်တို့နှင့်အတူ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးရာဝန်ကြီး ရဲမှူးချုပ် တင်ကိုကိုမှလည်းကောင်း၊ နောက်တန်းအကောင်းဆုံးဆုရ ဟိုပုံးမြို့နယ်အသင်းမှ ကျောနံပါတ်(3)မောင်စိုင်းကျော်ခမ်း၊ အလယ်တန်းအကောင်းဆုံးဆုရ ဆီဆိုင်မြို့နယ်အသင်းမှ ကျောနံပါတ်(7) မောင်ခွန်ထွန်းဝင်းတို့အား ငွေသားဆု(၅)သောင်း အကောင်းဆုံးကစားသမားဆုတံဆိပ်တို့နှင့်အတူ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်မှလည်းကောင်း၊ ရှေ့တန်းအကောင်းဆုံးဆုရ တာချီလိတ်မြို့နယ်အသင်းမှ ကျောနံပါတ်(9)မောင်နေကိုဟိန်း၊ ပြိုင်ပွဲပွဲစဉ်တစ်လျှောက်အကောင်းဆုံးဆုရ ဆီဆိုင်မြို့နယ်အသင်းမှ ကျောနံပါတ်(9) မောင်ကျော်လွင်ထွေးတို့အား ငွေသားဆု(၅)သောင်း အကောင်းဆုံးကစားသမားဆုတံဆိပ်တို့နှင့်အတူ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းမှလည်းကောင်း၊ ပထမဆုရရှိသွားသော ဆီဆိုင်မြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များကို ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးအောင်မြင့် မှလည်းကောင်း ဆက်လက်ပြီး ထပ်ဆောင်းဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ရာတွင်ပထမတံခွန်စိုက်ဆုဖလားကြီးရရှိသွားသော ဆီဆိုင်မြို့နယ်အသင်းအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်ရဲထွေးမှ ငွေသားဆု(၂)သိန်းနှင့် ဆီဆိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဆန်းဦးမှ ငွေသားဆု(၁)သိန်းအားလည်းကောင်း၊ တတိယဆုရရှိသွားသော ဟိုပုံးမြို့နယ်အသင်းအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်ရဲထွေးမှ ငွေသားဆု(၁)သိန်းအားလည်းကောင်း ထပ်ဆောင်းချီးမြှင့်ခဲ့ပြီး ပထမတံခွန်စိုက်ဆုဖလားကြီးနှင့်ငွေသားဆု(၈)သိန်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံအားရိုက်ကူးခဲ့ကြောင်း သိရှိခဲ့ရကာ အဆိုပါဘောလုံးပြိုင်ပွဲအား ၂၆.၉.၂၀၂၂ ရက်နေ့မှ ၆.၁၀.၂၀၂၂ ရက်နေ့ထိ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရှမ်းပြည်နယ်အတွင်းရှိ ဇုန်အလိုက် မြို့နယ်များမှ အသင်းပေါင်း(၈)သင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။