အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(တောင်ပိုင်းဇုန်)မြို့နယ်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီးမြို့၊ စက်တင်ဘာလ (၆)ရက်။

ရှမ်းပြည်နယ်ဘောလုံးအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်အတွင်းရှိဒေသခံတိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေး၊ မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ကာ ၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား (တောင်ပိုင်းဇုန်)မြို့နယ်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၅.၉.၂၀၂၂ရက်နေ့ ညနေ(၁၅း၀၀)နာရီအချိန်တွင်ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့၊သစ်တောရပ်ကွက်ရှိ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဦးအောင်မြင့်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူများ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ နည်းပြများနှင့် အားကစားသမားများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်တဲ့ ရှမ်းပြည်နယ်(တောင်ပိုင်းဇုန်) အသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ ခရိုင်(၃)ခရိုင်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၂)ခုတို့မှ မြို့နယ်(၂၁)မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမ ၊ ဒုတိယ၊ တတိယရရှိသောအသင်း(၃)သင်း ၊ ရှမ်းပြည်နယ်(မြောက်ပိုင်းဇုန်)တွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် မြို့နယ်(၁၉)မြို့နယ်မှ ပထမ ၊ ဒုတိယ ၊ တတိယရရှိသောအသင်း(၃)သင်း နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းဇုန်)တွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် မြို့နယ်(၉)မြို့နယ်မှ ပထမ၊ဒုတိယ ရရှိသောအသင်း(၂)သင်း ၊ စုစုပေါင်းအသင်း(၈)သင်းဖြင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၆)နှစ်အောက် ဇုန်အလိုက် ဘောလုံးပြိုင်ပွဲကို ထပ်မံကျင်းပပြုလုပ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲအတွက် ရှမ်းပြည်နယ်လက်ရွေးစင်အားကစားသမားများကိုရွေးချယ်သွားမှာဖြစ်ကြောင်း ၊ ယနေ့နိုင်ငံတော်မှ လူငယ်/လူရွယ်များကို ဘက်စုံ/ထောင့်စုံမှ အရည်အသွေးမြှင့်တင်ပေးရန် အလေးထားဆောင်ရွက်ပေးနေပါကြောင်း ၊ အရည်အသွေးပြည့်ဝသော လူငယ်အဖွဲ့အစည်းများကို ပိုင်ဆိုင်ထားသည့်နိုင်ငံများသည်အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်လေ့ရှိပါကြောင်း ၊ နိုင်ငံတော်၏ အနာဂတ်တာဝန်ကိုပခုံးပြောင်းတာဝန်ယူကြမည့် လူငယ်/လူရွယ်များ၏ ကျန်းမာကြံ့ခိုင်မှု၊ အရည်အချင်းပြည့်ဝမှု၊ စိတ်ဓာတ်ရေးရာမြင့်မားမှု၊ စည်းကမ်းလိုက်နာမှုစသည်တို့ကို အားကစားပြုလုပ်ခြင်းဖြင့် ပြောင်းလဲဖော်ဆောင်နိုင်စေမှာဖြစ်ပါကြောင်း ၊ ယနေ့အားကစားကဏ္ဍကိုကြည့်မယ်ဆိုရင် လေ့ကျင့်ရေးစွမ်းရည်ကောင်းမွန်သူတွေသာ အောင်ပွဲဆင်နိုင်တာကို တွေ့ရှိရပါကြောင်း ၊ ပြိုင်ပွဲမှာ ” တရားသဖြင့်ယှဉ်ပြိုင် နိုင်အောင်ကြိုးပမ်း ” ဆိုတဲ့စိတ်ဓာတ်ထားရှိပြီး မိမိကိုယ်စားပြုမြို့နယ်အသင်း အနိုင်ရရှိအောင် တရားမျှတစွာ ယှဉ်ပြိုင် စား သွားကြစေလိုကြောင်း ၊ အားကစားသမားကောင်းစိတ်ဓာတ်များထားရှိပြီး အနိုင်အရှုံးသည် ပဓာနမကျဘဲ ယှဉ်ပြိုင်ခြင်းသည်သာအဓိကဆိုတဲ့ခံယူချက်ထားရှိပြီး ယှဉ်ပြိုင်မှုတိုင်းကို သန့်ရှင်းစွာအလေးထားယှဉ်ပြိုင်ကြဖို့အထူးမှာကြားလိုပါကြောင်း အစရှိသည်တို့ကိုပြောကြားခဲ့ပါသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရှိရပြီး ပထမနေ့ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် တောင်ကြီးမြို့နယ်အသင်းနှင့်မိုးနဲမြို့နယ် အသင်းတို့ ပွဲစဉ်ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

၂၀၂၂ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား(တောင်ပိုင်းဇုန်) မြို့နယ်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ မြို့နယ်များမှ ပြိုင်ပွဲဝင်အသင်း (၂၁)သင်းဖြင့် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားအင်အား စုစုပေါင်း(၄၂၀)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲကို (၅.၉.၂၀၂၂)ရက်နေ့မှ(၁၉.၉.၂၀၂၂)ရက်နေ့အထိ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရှမ်းပြည်နယ်အတွင်းရှိ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရှိရပါသည်။