အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲနှင့် အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစားနည်း သင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားများကျင်းပ

နေပြည်တော်၊ မေ(၃၀)ရက်။

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉:၀၀) နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိလက်ဝှေ့အားကစားရုံ၌ ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phangနော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်းနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ဥက္ကဌ ဦးသာဌေး၊ ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာမျိုးသိဏ်းကျော်၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဦးစောထွန်းအောင်မြင့်နှင့် ဒေါက်တာဌေးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးစန်းလွင်၊ ဦးမြင့်စိုး၊ ဦးမျိုးလှိုင်နှင့် ဦးဇော်အေးမောင်တို့ တက်ရောက် ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ပြီး ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး မျိုးဆက်သစ် ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရန်၊ လူငယ်/လူရွယ်များ လက်ဝှေ့အားကစားနည်းကို ပိုမိုစိတ်ပါ ဝင်စားလာစေပြီး လက်ဝှေ့အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စိတ်ဓာတ်၊ စွမ်းရည်၊ သတ္တိနှင့် ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့ကိုယ်စားပြု သွေးသစ် အား ကစားသမားကောင်း များ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ လက်ဝှေ့အားကစားနည်းသည် ဇွဲ၊ သတ္တိကို အခြေခံပြီး ကိုယ်စိတ်နှစ်ပါး ကြံ့ခိုင်မှု၊ ခံနိုင်ရည်ရှိမှုနှင့် နည်းစနစ် မှန်ကန်မှုတို့ကို အဓိကထား ပေါင်းစပ်ယှဉ်ပြိုင်ရသည့် အားကစားနည်းဖြစ်သည့်အတွက် တက်ကြွရဲရင့်ပြီး တိုက်ရည် ခိုက်ရည်ကို မြတ်နိုးခုံမင်ကြသည့် မြန်မာလူငယ်များ၊ တိုင်းပြည်နှင့်လူမျိုးဂုဏ်ကို မြှင့်တင်ပြီး မြန်မာတို့၏ ဇာတိသွေး၊ ဇာတိမာန်ကို ပြသနိုင်သည့် အားကစားနည်းဖြစ်ကြောင်း၊ မြန်မာ့လက်ဝှေ့အားကစားအဆင့်အတန်း ယခုထက် ပိုမိုတိုးတက်မြင့်မားပြီး အောင်မြင်မှုများရရှိလာအောင် ဝိုင်းဝန်းပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက် ပေးကြရန် အလေးအနက်တိုက်တွန်းပြောကြားလိုကြောင်း၊ ပြိုင်ပွဲတွင် တရားသောယှဉ်ပြိုင်ခြင်းဖြင့် အနိုင် ရရှိအောင် အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အသန့်ရှင်းဆုံးကြိုးစား၍ ပါဝင်ယှဉ်ပြိုင်ကြရန် လိုကြောင်း၊ မိမိတို့၏ အရည်အချင်း၊ အစွမ်းအစများကို အစွမ်းကုန် ဖော်ထုတ်ပြသပြီး အားကစား သမားကောင်းများပီသစွာဖြင့် သတ်မှတ်ထားသော စည်းမျဉ်း/စည်းကမ်းများကို လေးစားလိုက်နာကြဖို့ လိုကြောင်း၊ မျိုးဆက်သစ်လူငယ်လက်ဝှေ့ အားကစားသမားကောင်းများဖြစ်လာအောင် ကြိုးစား အားထုတ်သွားကြရန် တိုက်တွန်းမှာကြားပြီး လက်ဝှေ့ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီးနောက် ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ နှင့် ပြည်ထောင်စုဝန်ကြီးတို့မှ ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ပြီးနောက် ယနေ့ ပြိုင်ပွဲ ပွဲစဉ်အဖြစ် အမျိုးသား (၅၆)ကီလိုတန်းပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းမှ စောအတစ်နှင့် ရှမ်းပြည်နယ်အသင်းမှ ရှိုင်းငယ်တို့၏ ယှဉ်ပြိုင်ကစားနေမှုအားလည်းကောင်း၊ အမျိုးသား (၆၀)ကီလိုတန်း ပြိုင်ပွဲတွင် ကချင်ပြည်နယ်အသင်းမှ နုတ်မာရ်နှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စောဘွယ်ကလိုတို့၏ ယှဉ်ပြိုင်ကစားနေမှုအားလည်းကောင်း၊ အမျိုးသမီး(၄၈)ကီလိုတန်းပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး အသင်းမှ သင်းသင်းခိုင်နှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းမှ အေးအေးပြည့်တို့၏ ယှဉ်ပြိုင်ကစားနေမှု တို့အားလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Multipurpose Hall)၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံသေနတ်ပစ်အားကစားအဖွဲ့ချုပ်နှင့် တပ်မတော်သေနတ်ပစ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစားနည်း သင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)သေနတ်ပစ်ပြိုင်ပွဲ အပြည်ပြည်ဆိုင်ရာပစ်ခတ်စဉ်များနှင့် ကင်းကွာနေသော သေနတ်ပစ်အားကစားသမားများအား အပြည်ပြည်ဆိုင်ရာပစ်ခတ်စဉ်များ၊ နည်းစနစ်/ နည်းပညာများ/ပြိုင်ပွဲလုပ်ငန်းစဉ်များ၊ စည်းကမ်းများနှင့် ပြစ်ဒဏ်များအား သိရှိစေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်အားကစားနည်းသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ကို ဖွင့်လှစ်သင်ကြား ပေးခြင်းဖြစ်ကြောင်း၊ သေနတ်ပစ်အားကစားနည်းသည် တပ်မတော်သားများနှင့် ပိုမိုရင်းနှီးသည့် အားကစားနည်းဖြစ်သည့်အတွက် နိုင်ငံ့ကိုယ်စားပြုအဖြစ် အိုလံပစ်အားကစားပြိုင်ပွဲများ၊ အာရှ အားကစားပြိုင်ပွဲများ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများနှင့် အပြည်ပြည်ဆိုင်ရာအားကစားပြိုင်ပွဲများတွင် နိုင်ငံ့ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့သူအများစုတွင် တပ်မတော်သားများဖြစ်သည်ကို တွေ့ရှိ ရကြောင်း၊ မြန်မာ့အားကစားလောက ကမ္ဘာတွင်ပြန်လည်ဦးမော့လာစေရန်အတွက် အားကစားနည်း များများဖြင့် ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ရန်လိုအပ်ကြောင်း၊ နောက်ဆုံးအချိန်ထိ မဆုတ်မနစ်သော စိတ်ဓာတ်ဖြင့် ပြိုင်ပွဲများတွင် ကြိုးစားယှဉ်ပြိုင်ခြင်းဖြင့် မြန်မာလူမျိုးတို့၏ စိတ်ဓာတ်၊ အရည်အချင်းကို ပြသကြစေလိုကြောင်း၊ အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်း ဖြစ်သည်ဟူသော ဆောင်ပုဒ်နှင့်အညီ အားကစားလောကဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားကစားသမားများ ကြိုးစားချင်စိတ်၊ အနိုင်မခံအရှုံးမပေးလိုသော ဇွဲ၊ စိတ်ဓာတ်များ ပေါ်ထွက်လာစေရန်အတွက် နိုင်ငံတော် အနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများဖြစ်လာအောင် အားကစားသမား များအား ဂုဏ်ပြုချီးမြှင့်ထောက်ပံ့ပေးလျက်ရှိကြောင်း၊ သင်တန်းသားများအနေဖြင့် အပြည်ပြည်ဆိုင်ရာပစ်ခတ်စဉ် နည်းစနစ်များ ပြန့်ပွားစေပြီး မျိုးဆက်သစ်အားကစားသမားများနှင့် နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားများ ပေါ်ထွက်လာစေရေးအတွက် အင်တိုက်အားတိုက် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြပါလို့ တိုက်တွန်းမှာကြားခဲ့ပြီးနောက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ လူငယ်ရေးရာဦးစီးဌာန ခေတ္တညွှန်ကြားရေး မှူးချုပ် ဦးကျော်ဆန်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် တပ်မတော်သား စစ်သည်သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။