အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီလ(၂၀)ရက်။

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၉)နာရီအချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Medal Hall) ၌ ကိုဗစ်-၁၉ ရောဂါ စည်းမျည်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါ်ရီရီဝင်းနှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ ပြိုင်ပွဲကျင်းပရေးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲကျင်းပပေးရသည့် ရည်ရွယ်ချက်မှာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်တင်ရေး၊ ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုးတက်စေရေး၊ လူထုအားကစားလုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်နှင့် အားကစားလှုပ်ရှားမှုများတွင် စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်အတွက် ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ပြည်နယ်နှင့်တိုင်းဒေသကြီးများအား ပြိုင်ပွဲကာလမတိုင်မီ ကြိုတင်၍ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများအား ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် သတ်မှတ်ထားသည့် ကာကွယ်ရေးစည်းကမ်းများနှင့်အညီ ပြိုင်ပွဲဝင် အသင်းများအားလုံး သွား/လာနေထိုင်ကြရန်နှင့် အသင်းအုပ်ချုပ်သူများအနေဖြင့် မိမိအားကစားသမား များအား အထူးဂရုစိုက်၍ ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊

ပြိုင်ပွဲဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသင်းများအနေဖြင့် ပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်သည့်အခါ တည်းခိုဆောင်သို့မဝင် ရောက်မီ ကိုဗစ်-၁၉ ကာကွယ်ဆေး(၂) ကြိမ်ထိုးပြီးကြောင်း၊ ကိုဗစ် ရောဂါပိုး ရှိ/မရှိအား နှာခေါင်း တို့ပတ် (RTD Test) ဖြင့် စစ်ဆေးပြီးကြောင်း အထောက်အထား ယူဆောင်လာရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကို တိကျစွာလိုက်နာဆောင်ရွက် ပါဝင်ယှဉ်ပြိုင်ကြရန် လိုကြောင်း၊

အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းနှင့်သုသေသနဌာနခွဲမှ စစ်တမ်းကောက်ယူ၍ ဒေတာအချက်အလက်များတောင်းခံလာမှုအပေါ် အလေးအနက်ထားပြီး မှန်မှန်ကန်ကန်ဖြေဆိုပေးဖို့ မေတ္တာရပ်ခံလိုကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နှစ်စဉ် ပြိုင်ပွဲကျင်းပစရိတ်နှင့် ဒိုင်များ၊ ပြိုင်ပွဲဝင်အသင်းများ၏ ခရီးစရိတ်၊ စားစရိတ်များကျခံပေးခဲ့ပြီး ဆုရရှိသည့်အားကစားများအား ဆုတံဆိပ်/ဆုဖလားများအပြင် ဆုကြေးငွေများလည်း ချီးမြှင့်ပေးခဲ့ကြောင်း၊ယခုနှစ်တွင် (၅)ဦးတွဲ ပြိုင်ပွဲ၊ (၃)ဦးတွဲပြိုင်ပွဲ၊ (၁)ဦးချင်းပြိုင်ပွဲများ ကျင်းပပေးသွားမည်ဖြစ်ပြီး ဆုကြေးငွေများနှင့် တံခွန်စိုက်ဒိုင်းဆု ချီးမြှင့်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့ တာဝန်ရှိသူများမှ ပြိုင်ပွဲယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ တည်းခိုနေထိုင် စားသောက်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပြိုင်ပွဲဝင်အသင်းများအားလုံး အခက်အခဲမရှိ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲကို ဖေဖော်ဝါရီလ (၂၁)ရက်နေ့မှ (၂၂)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ B ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်း (၁၃)သင်း၊ အားကစားသမားဦးရေ (၁၂၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။