အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအမျိုးသား/အမျိုးသမီး ဘိလိယက်/စနူကာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီးမြို့၊ စက်တင်ဘာလ(၂၃)ရက်။

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့ဘိလိယက်/စနူကာအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေး၊ မျိုးဆက်သစ်ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ကာ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး အလွတ်တန်း ဘိလိယက်/စနူကာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၀၉:၀၀)နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ ၊ သစ်တောရပ်ကွက်ရှိလေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အုပ်ချုပ်သူများ၊ မြန်မာနိုင်ငံဘိလိယက်/စနူကာအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ ရိုးရာအကအဖွဲ့များတက်ရောက်ခဲ့ကြပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ဘိလိယက်/စနူကာအားကစားနည်းသည် မြန်မာအားကစားလောကတွင် အစဉ်အလာရှိသော အားကစားနည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဘိလိယက်/စနူကာအဖွဲ့ချုပ်ကို ၁၉၉၆ ခုနှစ်မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နိုင်ငံတကာပြိုင်ပွဲများတွင် မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးပေးနိုင်ခဲ့တဲ့ နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်တဲ့ အားကစားအဖွဲ့ချုပ်ဖြစ်ပါကြောင်း၊ ဘိလိယက်အားကစားနည်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း (၆၀)ခန့်ကတည်းက စတင်ပြီး အပန်းဖြေအားကစားနည်းတစ်ရပ်အဖြစ် မြန်မာနိုင်ငံမှာထွန်းကားခဲ့ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းအားဖြင့် နိုင်ငံတော်အတွက် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာနိုင်မည်ဖြစ်ပါကြောင်း ၊ ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် သတ်မှတ်ထားသောစည်းမျဉ်း/စည်းကမ်း များနှင့်အညီ ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ မြန်မာနိုင်ငံဘိလိယက်/စနူကာအဖွဲ့ချုပ်မှ တာဝန်ရှိသူများအနေဖြင့် အမှတ်ပေးစည်းမျဉ်း/စည်းကမ်းများနှင့်အညီ စနစ်တကျကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ အုပ်ချုပ်သူ/နည်းပြများအနေဖြင့်လည်း စည်းမျဉ်း/စည်းကမ်းများကို စနစ်တကျနားလည်သဘောပေါက်ရန် လိုအပ်ပြီး အုပ်ချုပ်သူ/နည်းပြများမှ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ အားကစားပြုလုပ်ခြင်းဖြင့် စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံတတ်မှုနှင့် ကိုယ်ကျင့်တရားကောင်းမွန်မှု စသည့်လူ့ကျင့်ဝတ်သိက္ခာများတိုးတက်မှုတို့ကို များစွာအထောက်အကူပြုပါကြောင်း၊ ယခုပြိုင်ပွဲမှထူးချွန်ထက်မြက်သည့် မြန်မာ့လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာပြီး နိုင်ငံ့ဂုဏ်ကိုဆက်လက်ဆောင်နိုင်ပါစေကြောင်း ၊ ယခုပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် အနိုင်မခံအရှုံးမပေးဘဲ နောက်ဆုံးချိန်အထိ ရေကုန်ရေခမ်း ကြိုးစားယှဉ်ပြိုင်သွားကြရန်လိုကြောင်း ၊ ဒိုင်လူကြီးများမှ ဘက်လိုက်မှုကင်းရှင်းပြီး တရားမျှတစွာ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများအတိုင်း ဆုံးဖြတ်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ နိုင်ငံတော်မှ မြန်မာ့အားကစားကို အစွမ်းကုန်ထူးကဲစွာ အားပေးချီးမြှောက်နေသည့် အချိန်ကာလဖြစ်သည့်အတွက် အားကစားသမားများအနေနှင့် မိမိတို့၏အစွမ်းအစအရည်အသွေးများကို အစွမ်းကုန် ဖော်ထုတ်ပြသပြီး မိမိတို့ကိုယ်စားပြုသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အနိုင်ရရှိစေရေး အားကစားစိတ်ဓါတ်အပြည့်အဝဖြင့် အသန့်ရှင်းဆုံးပါဝင်ယှဉ်ပြိုင်သွားကြရန်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲများမှတဆင့် နိုင်ငံတော်မှအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသော ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ဘင်ခရာအဖွဲ့၊အကအဖွဲ့များမှ တေးသရုပ်ဖော်မှုနှင့် တိုင်းရင်းသားရိုးရာအကများဖြင့်ဖျော်ဖြေတင်ဆက်မှုများကိုကြည့်ရှုအားပေးခဲ့ကာ ဂုဏ်ပြုချီးမြှင့် ငွေများချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရှိရပြီး ပထမနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသားပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအမျိုးသား/အမျိုးသမီး အလွတ်တန်း ဘိလိယက်/စနူကာပြိုင်ပွဲသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်း(၁၃)သင်းဖြင့် အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားအင်အား စုစုပေါင်း(၁၅၀)ဦးခန့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲကို(၂၃.၉.၂၀၂၂)ရက်နေ့မှ(၂၉.၉.၂၀၂၂)ရက်နေ့အထိ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ် လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရှမ်းပြည်နယ်အတွင်းရှိ ဘိလိယက်/စနူကာအားကစားနည်းကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရှိရပါသည်။