အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ စက်တင်ဘာလ(၁၆)ရက်။

၂၀၂၂ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၂:၃၀)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်၊ အားကစားနှင့်ကာယပညာဦးစီး ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အုပ်ချုပ်/ နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းမှ နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာ၌ စားပွဲတင်တင်းနစ်အားကစားလောကကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့သော အားကစားသမားအများစုဟာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးက ဖြစ်သည့်အတွက် ယခင်ကတည်းက ပြည်နယ်နှင့်တိုင်းဒေသကြီးတွေမှာ စားပွဲတင် တင်းနစ် အားကစားနည်းကို စိတ်ဝင်တစား လေ့ကျင့်ကစားခဲ့ကြတယ်ဆိုတာ ထင်ရှားပါကြောင်း၊ ယခု နောက်ပိုင်းမှာတော့ အများစုဟာ ရန်ကုန်နှင့် မန္တလေးတို့ကသာဖြစ်နေသည်ကို တွေ့ရှိလာရတဲ့အတွက် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အားကစားသမားမောင်/မယ်များအနေဖြင့် ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းမှာကြားလိုကြောင်း၊ မိမိတို့ကိုယ်စားပြုတဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်း အောင်နိုင်ရေးအတွက် အနိုင်မခံအရှုံးမပေးဘဲ ဇွဲ၊ စိတ်ဓါတ်အပြည့်နဲ့ သန့်ရှင်းစွာ ပါဝင် ယှဉ်ပြိုင်ကြပြီး အားကစားသမားများအချင်းချင်း ချစ်ခင်ရင်းနှီးစွာဖြင့် စည်းကမ်းနှင့်အညီ ပြောဆို နေထိုင်ကြပြီး ပြည်ထောင်စုစိတ်ဓါတ်ကို ဖော်ဆောင်သွားစေလိုကြောင်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်မှ နိုင်ငံတော်ကအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်လာအောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှာရှိကြသော စားပွဲတင်တင်းနစ် အားကစားသမားများအချင်းချင်း တစ်နေရာထဲတွင်စုစည်းရောက်ရှိတွေ့ဆုံပြီး ပြည်ထောင်စုစိတ်ဓါတ် ပိုမိုခိုင်မာလာစေရေးနှင့် ထူးချွန်ပြီးအလားအလာရှိသော မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးနှင့် ပြောင်းလဲတိုးတက်နေသော စားပွဲတင်တင်းနစ် အားကစားနည်း၏ နည်းစနစ်များ၊ စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်ပြီး အားကစားသမားများ အချင်းချင်း အမြင်ချင်းဖလှယ်ပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရေးအတွက် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ စားပွဲတင်တင်းနစ်အားကစားနည်းဟာ အခြားအားကစားနည်းများကဲ့သို့ ကိုယ်ခန္ဒာကြီးထွားမှုနှင့် အရပ်အမောင်းမြင့်မားမှုတို့ကအဓိကမကျဘဲ သွက်လက်ဖြတ်လတ်မှု၊ ခံနိုင်ရည်နှင့်သက်လုံကောင်းမွန်မှု၊ နည်းစနစ်ပိုင်းကျွမ်းကျင်မှုနှင့် တစ်ဘက်ပြိုင်ဘက် အားကစား သမားရဲ့ အားနည်းချက်ကို ချက်ခြင်းပြန်လည်အသုံးချနိုင်မှုတို့ကို အဓိကထားရတဲ့ အားကစားနည်း တစ်မျိုးဖြစ်ပါကြောင်း၊ အားကစားကွင်းနေရာအနေနဲ့လည်း အကျယ်အဝန်း အထိုက်အလျှောက်ရှိလျှင် ကစားနိုင်တဲ့အားကစားနည်းဖြစ်သလို လျှင်မြန်ဖြတ်လတ်မှုနှင့် ကိုယ်လက်လှုပ်ရှားမှု မပြင်းထန်ဘဲကစားနိုင်တဲ့ အားကစားနည်းဖြစ်တာမို့ ကျန်းမာရေးအတွက်အထူးသင့်လျှော်တဲ့ အားကစားနည်းလည်းဖြစ်ကြောင်း၊ မြန်မာ့စားပွဲတင်တင်းနစ်အားကစားနည်းအနေဖြင့် နိုင်ငံတကာပြိုင်ပွဲများနှင့် အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲများမှာလည်း ဆုတံဆိပ်များရရှိအောင် မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အားကစားသမားများအားလုံးမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားလိုကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများ အနေဖြင့် ဒိုင်လူကြီးရဲ့ အဆုံးအဖြတ်နဲ့ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကိုလည်း လေးစားလိုက်နာကြပါ၊ ပြိုင်ပွဲကိုကြီးကြပ်ကြမည့် ဒိုင်လူကြီးများကလည်း ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့်အညီ တရားမျှတစွာနှင့် တိကျစွာ ဆုံးဖြတ်ဆောင်ရွက်ပေးကြပါလို့ မှာကြားလိုကြောင်းပြောကြားပြီး ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးစားပွဲတင်တင်းနစ် ပြိုင်ပွဲကိုဖွင့်လှစ်ပေးပါသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်တို့က အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းမှ ကိုးကိုးကျွန်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီသို့ စားပွဲတင်တင်းနစ်ခုံ(၃)ခုံ၊ စားပွဲတင်တင်းနစ်ပိုက်နှင့် တိုင်(၃)စုံ၊ စားပွဲတင်တင်းနစ်ဘက်တံ (၁၂)ချောင်းနှင့် စားပွဲတင်တင်းနစ်ဘောလုံး (၆)ဒါဇင်တို့ကို ပေးအပ်လှူဒါန်းရာ သန်လျင်ခရိုင်အုပ်ချုပ်ရေးမှူး ညွှန်ကြားရေးမှူး ဦးအောင်သိုက်ဝင်းမှ လက်ခံရယူခဲ့ပါသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းမှပြန်လည်ထွက်ခွာပြီးနောက် ပထမနေ့ ပွဲစဉ်များအား ဆက်လက်ယှဉ်ပြိုင်သွားကြပါသည်။

အဆိုပါပြိုင်ပွဲတွင် ချင်းပြည်နယ်မှလွဲ၍ ကျန်ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အမျိုးသား ပြိုင်ပွဲဝင်(၁၄)သင်း၊ အမျိုးသမီးပြိုင်ပွဲဝင်(၁၃)သင်းမှ နည်းပြ/အုပ်ချုပ် ကစားသမားစုစုပေါင်း (၁၈၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး စက်တင်ဘာလ(၁၆)ရက်နေ့မှ စက်တင်ဘာလ(၂၀)ရက်နေ့အထိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်၍ မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရှိရသည်။