အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ စက်တင်ဘာလ(၁၅)ရက်။

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီက သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဌာနခွဲအလိုက် တာဝန်ခံများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ နည်းပြများ၊ အသင်းအုပ်ချုပ်သူများ၊ ကစားသမားများ တက်ရောက်ခဲ့သည်။

အစီအစဉ်အရ ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား အသင်းလိုက် အတည်ပြုပြီးနောက် မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ် ဥက္ကဌဦးကျော်ကျော်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများအားလုံး ကျန်းမာရေးကောင်းစွာဖြင့် စုံစုံညီညီ ရောက်ရှိလာသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် (၃)နှစ်တာ မကျင်းပနိုင်ခဲ့ပေမယ့် ယခုနှစ်တွင်ပြန်လည်ကျင်းပနိုင်ခြင်းဖြစ်ပါကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ပြီး ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့်အညီ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် စည်းကမ်းရှိရှိ ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားသွားပါသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေမှ အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ဒေသအသီးသီးမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ မျိုးဆက်မပြတ်စေရန်နှင့် စည်းမျဉ်းစည်းကမ်းများလိုက်နာသည့် လက်ရွေးစင်အားကစားသမားကောင်းများ မွေးထုတ်နိုင်ပြီး နိုင်ငံတော်အတွက် ဆုတံဆိပ်များရရှိအောင် ဆောင်ရွက်နိုင်ကြစေရန်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲကာလအတွင်း အိပ်ဆောင်များနှင့် ပြိုင်ပွဲရုံများတွင် အဖွဲ့လိုက် စည်းကမ်းတကျ သွားလာနေထိုင်စေလိုကြောင်း၊ အိပ်ဆောင်မှ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သို့ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လာရောက်ရာတွင် လုံခြုံမှုရှိစေရန်အတွက် ယာဉ်ထိန်းရဲ တစ်ဦးတာဝန်ချထားပေးရန် လိုအပ်ပါကြောင်း၊ ယခုအခြေအနေအရ လုံခြုံရေးနှင့် ကျန်းမာရေးကို အထူးဂရုစိုက်ရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု အနည်းငယ်ပြန်မြင့်လာပါသဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်စည်းမျဉ်းနှင့်အညီ နေထိုင်သွားရန်လိုအပ်ပါကြောင်း၊ နည်းပြအုပ်ချုပ်များ အနေဖြင့် ပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးကို အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်တို့နှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ တည်းခိုဆောင်များတွင် စည်းကမ်းတကျနေထိုင်ရန်နှင့် လိုအပ်ချက်များရှိပါက အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အသင်းအုပ်ချုပ်သူ/နည်းပြများမှ မိမိအသင်းအား ဦးဆောင်၍ ပြိုင်ပွဲသို့ သွားလာရာတွင် အထူးဂရုစိုက်ဆောင်ရွက်စေလိုကြောင်း၊ ပြိုင်ပွဲပြီးဆုံးသည့်အခါတွင်လည်း မိမိသက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးသို့ အောင်မြင်ချောမွေ့စွာ ပြန်လည်ရောက်ရန်အတွက် စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း မှာကြားခဲ့ပါသည်။

ထို့နောက် ပြိုင်ပွဲကျင်းပရေးတာဝန်ခံများက ပြိုင်ပွဲနှင့်ပတ်သက်သည့်ကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီးနောက် ဌာနခွဲအလိုက် တာဝန်ခံများက ဆက်လက်ဆွေးနွေးတင်ပြပြီး၊ အသင်းအုပ်ချုပ်သူများက လိုအပ်ချက်အခက်အခဲများတင်ပြရာ သက်ဆိုင်ရာဌာနခွဲတာဝန်ခံများက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။