အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်တောင်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန်၊ သြဂုတ်လ(၂၂)ရက်။

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်တောင်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ကျုံးကြီးလမ်းရှိ အမျိုးသားကြက်တောင်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ပိုင်နှင့် တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒိုင်လူကြီးများ၊ အုပ်ချုပ်/နည်းပြများနှင့်ဆုရ အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။

ယနေ့နံနက်ပိုင်းတွင် ဗိုလ်လုပွဲပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်ရာ အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ပထမ၊ မန္တလေးတိုင်းဒေသကြီးအသင်းက ဒုတိယ ရရှိပြီး အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ပထမ၊ ရှမ်းပြည်နယ် အသင်းက ဒုတိယ ရရှိခဲ့ပါသည်။

ဆက်လက်၍ အမျိုးသား/အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို ဆက်လက်ကျင်းပပြုလုပ်ရာ အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲတွင် ဟိန်းထွဋ် (ရန်ကုန်တိုင်းဒေသကြီး)က ပထမ၊ ရဲမင်းလွင် (ရှမ်းပြည်နယ်)က ဒုတိယရရှိပြီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ငါးမြှာ (ကယားပြည်နယ်)က ပထမ၊ ဆုလာဒ်(ရန်ကုန်တိုင်းဒေသကြီး)က ဒုတိယ ရရှိခဲ့ပါသည်။

ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ပိုင်က အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ဟိန်းထွဋ်(ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော ရဲမင်းလွင် (ရှမ်းပြည်နယ်)၊ ပူးတွဲတတိယဆုရရှိသော မင်းထက်ကောင်း(ရန်ကုန်တိုင်းဒေသကြီး)နှင့် ဟိန်းကောင်းစံ (ရှမ်းပြည်နယ်) တို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးညီညီမင်းက အမျိုးသမီးတစ်ချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ငါးမြှာ(ကယားပြည်နယ်)၊ ဒုတိယဆုရရှိသော ဆုလာဒ်(ရန်ကုန်တိုင်းဒေသကြီး)၊ ပူးတွဲတတိယဆုရရှိသော ခိုင်သဉ္ဇာ (ရှမ်း ပြည်နယ်) နှင့် အိမ့်ချစ်ဖူး(ရန်ကုန်တိုင်းဒေသကြီး)တို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုငွေသားဆုများကို အသီးသီးချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော မိုးသော်ထင်+သူရိန် (ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော ခန့်သူ+ဘုန်းထက်ဇော် (ရန်ကုန်တိုင်းဒေသကြီး) ပူးတွဲတတိယဆုရရှိသော ပြည့်စုံထွန်း+ကျော်ကျော် (ရှမ်းပြည်နယ်)နှင့် စိုင်းမင်းခန့်+ ကောင်းပိုင်မင်းခန့် (ရှမ်းပြည်နယ်)တို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော မေမြတ်စိုး+ဝေဝေ (ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော ထူးခင်ခင်+ ဂျူလိုင်ထွန်း (ရန်ကုန်တိုင်းဒေသကြီး)၊ ပူးတွဲတတိယဆုရရှိသော လင်းသီရိဟန် +အိမ့်မှူးစံ (ပဲခူးတိုင်းဒေသကြီး)နှင့် ယွန်းသက်ထားမောင် + ခိုင်သဇင်ဖူးဝေ (မန္တလေးတိုင်းဒေသကြီး) တို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုငွေသားဆုများကို အသီးသီးချီးမြှင့်ခဲ့ပါသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်က အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိသော ရှမ်းပြည်နယ်နှင့်ဧရာဝတီတိုင်းဒေသကြီးတို့အားလည်းကောင်း၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယဆုရရှိသော ရှမ်းပြည်နယ်၊ ပူးတွဲတတိယဆု ရရှိသော ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့အား၊ တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြု ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အကောင်းဆုံး အမျိုးသားအားကစားသမားဆုရရှိသော ဟိန်းထွဋ် (ရန်ကုန်တိုင်းဒေသကြီး)နှင့် အကောင်းဆုံး အမျိုးသမီးအားကစားသမားဆုရရှိသော ငါးမြှာ (ကယားပြည်နယ်) တို့အား Trophy နှင့်ဂုဏ်ပြုဆုငွေကျပ် (၁)သိန်းစီနှင့်အတူ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှ ဂုဏ်ပြုဆုငွေကျပ် (၂)သိန်းစီ တို့အားလည်းကောင်း၊ အမျိုးသားအသင်းလိုက်တံခွန်စိုက်ဒိုင်း ရရှိသွားသော ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် အမျိုးသမီးအသင်းလိုက်တံခွန်စိုက်ဒိုင်းရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား တံခွန်စိုက်ဒိုင်းဆုနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ထပ်မံဂုဏ်ပြု ချီးမြှင့်ငွေကျပ်(၁၀)သိန်းစီတို့အား ချီးမြှင့်ခဲ့ပြီးနောက် အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ခဲ့ကြောင်း သိရှိရပါသည်။