အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဩဂုတ်(၁၁)ရက်။

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀:၀၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Gold Medal Hall ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများဖြစ်ကြသော ဦးခွန်ဂျာအောင်၊ ဦးရဲလွင်၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ကျန်းမာကြံ့ခိုင်ပြီးထူးချွန်ထက်မြက်သော မျိုးဆက်သစ်ဂျူဒိုအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် Covid-19 စည်းမျဉ်း/စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်း၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေစဉ်အတွင်း သွားလာနေထိုင်ရေးနှင့် စားသောက်ရေးကို အထူးဂရုပြုဆောင်ရွက်သွားကြစေလိုပါကြောင်း၊ ဆုကြေးငွေများအဖြစ်တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆု ကျပ်(၁)သိန်း၊ ဒုတိယဆုကျပ်(၇)သောင်း၊ တတိယဆုကျပ်(၅)သောင်း၊ နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုကျပ်(၂)သိန်း၊ ဒုတိယဆုကျပ်(၁)သိန်း (၅)သောင်း၊ တတိယဆုကျပ်(၁)သိန်း၊ အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုကျပ်(၁၀)သိန်း၊ ဒုတိယဆုကျပ်(၇)သိန်း၊ တတိယဆုကျပ်(၅)သိန်း တိုးမြှင့်ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး အမျိုးသားတံခွန်စိုက်ဒိုင်း၊ အမျိုးသမီးတံခွန်စိုက်ဒိုင်းနှင့် စုပေါင်းတံခွန်စိုက်ဒိုင်းများ ချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း ပြည်နယ်နှင့်တိုင်းဒေသကြီးဂျူဒိုပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရန် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများအားလုံး ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်သွားကြစေလိုပါကြောင်း ပြောကြားခဲ့သည်။

ထိုနောက် ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်မှ ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးရဲလွင်မှ ပြိုင်ပွဲဆိုင်ရာသုတေသနကိစ္စရပ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်တာဝန်ရှိသူများမှ ပြိုင်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း/စည်းကမ်းများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသော ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/နည်းပြများမှ ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အသင်း(၁၃)သင်း၊ အားကစားသမားဦးရေ(၂၄၀)ဦးဖြင့် ပြိုင်ပွဲကို ဩဂုတ်လ(၁၂)ရက်နေ့မှ (၁၆)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။