အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဩဂုတ်(၁)ရက်။

မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၁၉)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲ ဆီးမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက်(၇) နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ဆက်လက်ကျင်းပ ပြုလုပ်လျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ယနေ့နံနက်ပိုင်းတွင် ဆီးမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကရင်ပြည်နယ်အသင်းမှ မန္တလေးတိုင်းဒေသကြီးအသင်းကို (၃)ဂိုး၊ (၂)ဂိုး ဖြင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မွန်ပြည်နယ်အသင်းမှ ကချင်ပြည်နယ်အသင်းကို(၃)ဂိုး၊ (၁)ဂိုး ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။

(၃.၈.၂၀၂၂)ရက်နေ့၊ နံနက်(၇)နာရီခွဲတွင် တတိယလုပွဲ ပွဲစဉ်အဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်း၊ မွန်းလွဲ(၃)နာရီခွဲတွင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကရင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့မှ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ပါသဖြင့် ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူ မဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။