အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်၊ မေ (၂၇) ရက်။

နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ အခြေခံအားကစားနည်းများကို လေ့လာလိုက်စားပြီး အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရေးနှင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေး မြင့်မားသည့် အားကစားမောင်/မယ်များ ထွက်ပေါ် လာစေရေးကို ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ နွေရာသီအခြေခံ ရေကူးသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၈:၀၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရေကူးကန် ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦးနှင့် ဦးကျော်ဆန်းဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းအမှာစကားပြောကြားရာတွင် မျိုးဆက်သစ် ရေကူး အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် အရေးကြုံက သက်လုံကောင်းစေရန် ရည်ရွယ်၍ ဤသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ရေကူးအားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်စေရန်အတွက် ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် အခြေခံပညာကျောင်းများ၌ အားကစားသင်တန်းများ၊ ပြိုင်ပွဲများကို ဦးစီးဌာနနှင့် ပေါင်းစပ်၍ ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့် အကောင်အထည် ဖော်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် တက်ရောက်ခဲ့ကြသော သင်တန်းသား/ကျောင်းသား/ကျောင်းသူများ ရေကူးခြင်းကို အရှိန်အဟုန်မြှင့် လေ့ကျင့်သွားနိုင်ရန် အတွက် ဝဏ္ဏသိဒ္ဓိရေကူးအသင်းကိုပါ ဖွင့်လှစ်ထားပြီးဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ရွှေတံဆိပ် (၉)ခု၊ ငွေတံဆိပ်(၁၈)ခု၊ ကြေးတံဆိပ်(၃၅)ခု၊ စုစုပေါင်း ဆုတံဆိပ်(၆၂)ခုနှင့် နိုင်ငံအလိုက် အဆင့်ရပ်တည်မှု (၇)ရရှိခဲ့ပါကြောင်း၊ ယခုလိုအောင်မြင်မှု ဆုတံဆိပ်များကို ရရှိခဲ့ကြသော မြန်မာ့လက်ရွေးစင် အားကစားသမားများသည်လည်း မောင်/မယ်တို့လို ကျောင်းသားဘဝကနေ အားကစားကို စိတ်ပါဝင်စားပြီး နွေရာသီ အခြေခံ အားကစားသင်တန်းများမှတစ်ဆင့် အဆင့်မြင့်သင်တန်းများသို့ ဆက်လက်သင်ယူလေ့လာခြင်းဖြင့် အောင်မြင်မှုများရရှိကာ နိုင်ငံတော်မှဂုဏ်ပြုချီးမြှင့်ခံကြရခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိဘအုပ်ထိန်းသူ များအနေနှင့် မိမိတို့၏ရင်သွေးငယ်များကို နိုင်ငံတော်အတွက် တန်ဖိုးရှိသော လူတော်/လူကောင်းများ ဖြစ်လာစေရန် အားကစားသင်တန်းများတွင် တက်ရောက်သင်ကြားနိုင်စေရေးကို အားပေးတိုက်တွန်း လိုပါကြောင်း၊ ယခုသင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို အသင်းဝင် (Member Card)များ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ရေကူးအားကစားနည်းကို စိတ်ပါဝင်စားသူများအတွက် ဝဏ္ဏသိဒ္ဓိရေကူးအသင်းတွင် (၁)လလျှင် (၃ဝဝဝဝိ/-) ကျပ်နှုန်းဖြင့် အသင်းဝင်(Member Card)များ ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒုတိယအကြိမ် အခြေခံရေကူးသင်တန်းကို မကြာမီ ဆက်လက် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် (၁/၂၀၂၂)နွေရာသီအခြေခံရေကူးသင်တန်း အသက်(၁၂)နှစ်အောက် ရေကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးမှ လည်းကောင်း၊ အသက်(၁၂)နှစ်အထက် ရေကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှလည်းကောင်း၊ အသက် (၁၆)နှစ်အထက် ရေကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား/သင်တန်းသူများ ကိုယ်စား သင်တန်းသား/သင်တန်းသူ(၂)ဦးမှ ကိုယ်စားတက်ရောက်ယူခဲ့ကြောင်း သတင်းရရှိပါသည်။