အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅) နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ(၁၀)ရက်။

၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို (၇.၁.၂၀၂၂) ရက်နေ့မှ (၂၁.၁.၂၀၂၂) ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ ညနေ (၃)နာရီအချိန် တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဦးစိုးအောင်၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ အဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ကွင်းအမှတ်(၁)၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ မကွေးတိုင်းဒေသကြီးအသင်းကို ရလဒ် (၆)ဂိုး (၁)ဂိုး ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း ကွင်းအမှတ်(၃)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ တနင်္သာရီတိုင်းဒေသကြီး အသင်းကို ရလဒ် (၄)ဂိုး (၁)ဂိုး ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိမှုများအား ကြည့်ရှုအားပေးခဲ့ကြပါသည်။

ဆက်လက်ပြီး ယနေ့ပွဲစဉ်များတွင် (Women of the match) ဆုရရှိခဲ့ကြသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၁၁) မသန်းသန်းဝေနှင့် မန္တလေးတိုင်းဒေသကြီး အသင်းမှ ကျောနံပါတ်(၁၁) မသန္တာလင်းတို့ (၂)ဦးအား ဆုငွေကျပ် (၅၀၀၀၀)စီကို တာဝန်ရှိသူများမှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

(၁၁.၁.၂၀၂၂)ရက်နေ့တွင် ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ညနေ (၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ကွင်းအမှတ်(၁)၌ ရှမ်းပြည်နယ်အသင်း နှင့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ကွင်းအမှတ်(၃)၌ မွန်ပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။