အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅) နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တာဝန်ရှိသူများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေး

နေပြည်တော်၊ ဇန်နဝါရီလ(၉)ရက်။

၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို (၇.၁.၂၀၂၂) ရက်နေ့မှ (၂၁.၁.၂၀၂၂) ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ ညနေ (၃)နာရီအချိန် တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ အဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ကွင်းအမှတ်(၁)၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်(၂)ဂိုးစီ သရေရလဒ် ဖြင့် လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ကွင်းအမှတ်(၃)၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရခိုင်ပြည်နယ်အသင်းမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ရလဒ် (၅)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိမှုများအား ကြည့်ရှုအားပေးခဲ့ကြပါသည်။

ဆက်လက်ပြီး ယနေ့ပွဲစဉ်များတွင် (Women of the match) ဆုရရှိခဲ့ကြသည့် ကချင်ပြည်နယ်အသင်းမှ ကျောနံပါတ်(၈) မဂျာထွယ်ဘောက် နှင့် ရခိုင်ပြည်နယ်အသင်းမှ ကျောနံပါတ်(၆) မလှမြတ်သူတို့ (၂)ဦးအား ဆုငွေကျပ် (၅၀၀၀၀)စီကို တာဝန်ရှိသူများမှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

(၁၀.၁.၂၀၂၂)ရက်နေ့တွင် ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ညနေ (၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ကွင်းအမှတ်(၁)၌ ရန်ကုန်တိုင်း ဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ကွင်းအမှတ်(၃)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။