အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅) နှစ်အောက်(အမျိုးသမီး) ဘောလုံးပြိုင်ပွဲ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများနှင့် ဘောလုံး ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဇန်နဝါရီလ(၈)ရက်။

၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ် အောက်(အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို (၇.၁.၂၀၂၂)ရက်နေ့မှ (၂၁.၁.၂၀၂၂)ရက်နေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ ညနေ(၃)နာရီ အချိန်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဦးစိုးအောင်၊ ဌာနခွဲများမှညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် ဘောလုံး ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ကွင်းအမှတ်(၁)၌ တနင်္သာရီတိုင်းဒေသကြီးအသင်း နှင့်မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ မကွေးတိုင်းဒေသကြီးအသင်းကို ရလဒ် (၁)ဂိုး ဂိုး(မရှိ)ဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း ကွင်းအမှတ်(၃)၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်း တို့ ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ကရင်ပြည်နယ်အသင်းကို ရလဒ် (၃)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိမှုများအား ကြည့်ရှုအားပေး ခဲ့ကြပါသည်။

ဆက်လက်ပြီး ယနေ့ပွဲစဉ်များတွင် (Women of the match) ဆုရရှိခဲ့ကြသည့် တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၄) မသင်းသင်းဖြိုးနှင့် ဧရာဝတီတိုင်းဒေသကြီး အသင်းမှ ကျောနံပါတ်(၇) မခင်ဘုန်းတို့ (၂)ဦးအား ဆုငွေကျပ် (၅၀၀၀၀)စီကို တာဝန်ရှိသူများ မှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

(၉.၁.၂၀၂၂)ရက်နေ့တွင် ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ညနေ(၃)နာရီ အချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ကွင်းအမှတ်(၁)၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့မှလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း ကွင်းအမှတ်(၃) ၌ ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။