အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

လောက်ကိုင်မြို့၊ အောက်တိုဘာ ၃၀ ရက် ။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော ၂၀၂၂ ခုနှစ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား ဌာနပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၉.၁၀.၂၀၂၂ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင်ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးဝင်းအတွင်းရှိ ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်ဆွေ၊ ဒေသအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒေသအားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးယောဟန်နှင့် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ၊ မြို့ပေါ်ရှိဖူဆယ်ဘောလုံးအားကစားဝါသနာရှင်မိဘပြည်သူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေမှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၂ ခုနှစ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား ဌာနပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ဒေသအတွင်းဖူဆယ်ဘောလုံးအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ ဒေသတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွှတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများရရှိစေရေးတို့အတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ယနေ့နိုင်ငံတော်မှလည်း အားကစားကို ဘက်စုံ/ထောင့်စုံမှ အရည်အသွေးမြှင့်တင်ပေးရန် အလေးထားဆောင်ရွက်ပေးနေပါကြောင်း၊ ယခုပြိုင်ပွဲအား ဒေသခံတိုင်းရင်းသားလူငယ်/လူရွယ်များအနေဖြင့် ယခုအားကစားနည်းကို အားကျအတုယူလာစေရေးတို့အတွက် ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အနာဂတ်တာဝန်ကိုပခုံးပြောင်းတာဝန်ယူကြမည့် လူငယ်/လူရွယ်များ၏ ကျန်းမာကြံ့ခိုင်မှု ၊ အရည်အချင်းပြည့်ဝမှု၊ စိတ်ဓာတ်ရေးရာမြင့်မားမှု၊ စည်းကမ်းလိုက်နာမှုစသည်တို့ကို အားကစားပြုလုပ်ခြင်းဖြင့်ပြောင်းလဲဖော်ဆောင်နိုင်စေမှာဖြစ်ပါကြောင်း၊ ယနေ့အားကစားကဏ္ဍကိုကြည့်မယ်ဆိုရင် လေ့ကျင့်ရေးစွမ်းရည်ကောင်းမွန်သူတွေသာ အောင်ပွဲဆင်နိုင်တာကို တွေ့ရှိရပါကြောင်း၊ ပြိုင်ပွဲမှာ ” တရားသဖြင့်ယှဥ်ပြိုင် နိုင်အောင်ကြိုးပမ်း ” ဆိုတဲ့စိတ်ဓာတ်ထားရှိပြီး လူငယ်/လူရွယ်များအတွက်စံနမူနာပြဖြစ်အောင် မိမိကိုယ်စားပြုအသင်း အနိုင်ရရှိအောင်တရားမျှတစွာ ယှဉ်ပြိုင်ကစားသွားကြစေလိုကြောင်း၊ အားကစားသမားကောင်းစိတ်ဓာတ်များထားရှိပြီး အနိုင်အရှုံးသည် ပဓာနမကျဘဲ ယှဉ်ပြိုင်ခြင်းသည်သာအဓိကဆိုတဲ့ခံယူချက်ထားရှိပြီး ယှဉ်ပြိုင်မှုတိုင်းကို သန့်ရှင်းစွာအလေးထားယှဉ်ပြိုင်ကြဖို့အထူးမှာကြားလိုပါကြောင်း အစရှိသည်တို့ကိုပြောကြားခဲ့ပါသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်ဆွေ နှင့် ဒေသအဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ပထမနေ့ပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

၂၀၂၂ ခုနှစ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား ဌာနပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို (၂၉.၁၀.၂၀၂၂)ရက်နေ့မှ (၁၁.၁၁.၂၀၂၂)ရက်နေ့အထိ ဒေသဖူဆယ်အားကစားကွင်း၌ ပြိုင်ပွဲဝင်အသင်း(၁၃)သင်းနှင့် ပြိုင်ပွဲဝင်ကစားသမားစုစုပေါင်းအင်အား(၁၅၆)ဦးဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဒေသအတွင်းရှိ ဖူဆယ်ဘောလုံး အားကစားနည်းကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရှိခဲ့ရပါသည်။