အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲတွင် Dragon အသင်းနှင့် YCDC အသင်းတို့ ပထမတံခွန်စိုက်ဆုများ ဆွတ်ခူး

မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်နှင့် ကိုရီးယားသံရုံးတို့ ပူးပေါင်းကျင်းပသော ၂၀၂၂ ခုနှစ်၊ ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သုဝဏ္ဏ (ဘူရောင်း)တိုက်ကွမ်ဒိုလေ့ကျင့်ရေးစင်တာ၌ ကျင်းပပြီး ညနေပိုင်းတွင် ဆုချီးမြှင့်ပွဲကို ကျင်းပရာ Dragon အသင်းနှင့် YCDC အသင်းတို့က ပထမတံခွန်စိုက်ဆုများ ဆွတ်ခူးရရှိကြသည်။

၂၀၂၂ ခုနှစ်၊ ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲဖွင့်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H.E. Kang Kmygu နှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးမြဟန်တို့က အမှာစကားပြောကြားကြပြီး ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြသည်။ ထို့နောက် အမျိုးသား/အမျိုးသမီး သက်ငယ်တန်းအဆင့်၊ ဂျူနီယာတန်းအဆင့်၊ ‘က’ကွက် ၊ အတိုက်ပြိုင်ပွဲများကိုကြည့်ရှုအားပေးကြသည်။

အဆိုပါပြိုင်ပွဲ၌ သက်တမ်းအမျိုးအစားအလိုက် အတိုက် (Kyorugi)နှင့် ‘က’ကွက် (Poomsae)ပြိုင်ပွဲများကျင်းပရာ အသက်(၁၄)နှစ်အောက် အမျိုးသား/အမျိုးသမီးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားအား ရွှေ(၄)ခု၊ငွေ(၅)ခု၊ ကြေး(၂)ခုဖြင့် Dragon အသင်းကလည်းကောင်း၊ဒုတိယဆုကို ရွှေ(၃)ခု၊ကြေး(၂)ခုဖြင့် ရွှေပြည်သာအသင်းကလည်းကောင်း၊ တတိယဆုကိုရွှေ(၂)ခု၊ ငွေ(၄)ခု၊ ကြေး(၇)ခုဖြင့် အောင်ဆန်းအသင်းကလည်းကောင်း အသီးသီးရရှိကြသည်။

အလားတူအသက်(၁၇)နှစ်အောက် အမျိုးသား/အမျိုးသမီးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားကို ရွှေ(၆)ခု၊ ငွေ(၃)ခု၊ ကြေး(၃)ခုဖြင့် YCDC အသင်းကလည်းကောင်း၊ ဒုတိယဆုကို ရွှေ(၂)ခု၊ ငွေ(၁)ခု၊ ကြေး(၂)ခုဖြင့် Dragon အသင်းကလည်းကောင်း၊ တတိယဆုကိုရွှေ(၁)ခု၊ ငွေ(၂)ခု၊ ကြေး(၅)ခုဖြင့် အောင်ဆန်းအသင်းကလည်းကောင်း ရရှိခဲ့ကြသည်။

ဆုရရှိကြသည့် အားကစားအသင်းများနှင့် အားကစားသမားတို့အား မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဌနှင့် တာဝန်ရှိသူတို့က တံခွန်စိုက်ဖလားနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းပြိုင်ပွဲတွင် ကလပ်အသင်းများမှ ကစားသမား ၁၀၀ ကျော်ပါဝင်ကြပြီး ပြိုင်ပွဲပေါင်း ၁၀၀ ကျော် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ သိရသည်။

တိုက်ကွမ်ဒိုအားကစားသည် ၁၉၈၇ ခုနှစ်တွင် မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်အရ ကိုရီးယားလူမျိုးတိုက်ကွမ်ဒိုနည်းပြတစ်ဦး ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး အခြေခံနှင့်အဆင့်မြှင့် တိုက်ကွမ်ဒိုသင်တန်းများ ဖွင့်လှစ်ခဲ့ရာမှ စတင်ခဲ့ကြောင်း သိရသည်။

၁၉၈၉ ခုနှစ်၊ ဇွန်(၁၂)ရက်တွင် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ကို ဖွဲ့စည်းတည်ထောင်ကာ မြန်မာနိုင်ငံတစ်ဝှမ်း တိုက်ကွမ်ဒိုအားကစားနည်းပြန့်ပွားရေးအတွက် ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲကို ၂၀၀၆ ခုနှစ်မှ စတင်ကျင်းပခဲ့ကြောင်း သိရသည်။