အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ရှမ်းပြည်နယ်(ဇုန်)အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုများကိုခံယူကာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်မည့် ၂၀၂၂ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဖလား ရှမ်းပြည်နယ်(ဇုန်)အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းများမှ ပြိုင်ပွဲဝင်အားကစားသမားများ လူစစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ အစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းမှ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းအားဖြင့် ရှမ်းပြည်နယ်နှင့် နိုင်ငံတော်အတွက် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် သတ်မှတ်ထားသောစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ပြိုင်ပွဲကျင်းပရေးမှ တာဝန်ရှိသူများ အနေဖြင့်လည်း အမှတ်ပေးစည်းမျဉ်း/စည်းကမ်းများနှင့်အညီ စနစ်တကျကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ အုပ်ချုပ်သူ/နည်းပြများအနေဖြင့်လည်း စည်းမျဉ်း/စည်းကမ်းများကို စနစ်တကျ နားလည်သဘောပေါက်ရန် လိုအပ်ပြီး အုပ်ချုပ်သူ/နည်းပြများမှ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ ၊ စားသောက်နေထိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ဂရုတစိုက်ယှဥ်ပြိုင်ကစားသွားကြရန် ၊ ဒါဏ်ရာရရှိနိုင်သည့် အားကစားနည်းဖြစ်သည့်အတွက်အသင်းအုပ်ချုပ်သူနှင့် နည်းပြများအနေဖြင့် မိမိတို့၏ အားကစားသမားများကိုသေချာပြုလုပ်ပေးစေလိုပါကြောင်း ၊ သန့်ရှင်းရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ဖြည့်စွက်ပြောကြားသွားကာ လုံခြုံရေးဆိုင်ရာလုပ်ငန်းစဥ်များကို ရှင်းလင်းချပြသွားခဲ့ကြောင်းသိရှိခဲ့ရပါသည်။

ထို့နောက် ပြည်နယ်ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ ၊ ဒိုင်လူကြီးများ ၊ ပြိုင်ပွဲကြီးကြပ်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ၊ ပြိုင်ပွဲများကို (၂၆.၉.၂၀၂၂)ရက်နေ့မှ (၅.၁၀.၂၀၂၂)ရက်နေ့ထိ (၁၀)ရက်ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲနှင့်ပတ်သက်ပြီး မရှင်းလင်းသည့်စည်းမျဉ်း/စည်းကမ်းများနှင့် ပတ်သက်သည်များကို ယခုတစ်ပါတည်းမေးမြန်းနိုင်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ပြည်နယ်ဒိုင်များဖြင့် ပြုလုပ်သွားမည်ဖြစ်ပါကြောင်း ၊ ပြိုင်ပွဲအမှတ်ပေး စည်းမျဉ်း/စည်းကမ်းများ၊ ဥပဒေပိုင်း ဆိုင်ရာကိစ္စရပ်များ ၊ပြိုင်ပွဲဝင်အားကစားအထောက်အကူပြုပစ္စည်းများနှင့် ပတ်သက်သည့်အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကာ ဆက်လက်ပြီး အစည်းအဝေးသို့တက်ရောက်ကြသူများမှ အထွေထွေဆွေးနွေးချက်များကိုတင်ပြခဲ့ကြပြီး နောက်အုပ်စုမဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယားရေးဆွဲခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။

ရှမ်းပြည်နယ်အတွင်း(ဇုန်)အလိုက်မှ ပထမ ၊ ဒုတိယ ၊ တတိယ ရရှိလာသော မြို့နယ်များမှ ပြိုင်ပွဲဝင် အသင်း(၈)သင်းဖြင့် အုပ်ချုပ်သူ / နည်းပြနှင့် အားကစားသမား အင်အားစုစုပေါင်း (၁၈၄)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါပြိုင်ပွဲကို ပြည်နယ်အားကစားကွင်း၌ အုပ်စု(၂)စုခွဲကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပြီး ရှမ်းပြည်နယ်အတွင်းဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့လာရောက်အားပေးနိုင်ပါကြောင်း သိရှိရပါသည်။