အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကရင်၊ ‌အောက်တိုဘာ (၈)ရက်။

၂၀၂၂ခုနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို (၈.၁၀.၂၀၂၂) ရက်နေ့ ညနေ ၃နာရီအချိန် အောင်သံလွင်အားကစားကွင်း၊ ဘောလုံးကွင်းတွင်ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးနှင့်ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘောလုံးဆပ်ကော်မတီဝင်များ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကော့ကရိတ်မြို့နယ်အသင်းနှင့် ဘားအံမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘားအံမြို့နယ်အသင်းမှ ကော့ကရိတ်မြို့နယ်အသင်းကို (၂:၁)ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပါသည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကြက်ခြေနီတပ်ဖွဲ့ဂုဏ်ပြုငွေအား ကရင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်မှလည်းကောင်း၊ ဒိုင်လူကြီးအဖွဲ့ ဂုဏ်ပြုငွေအား ကရင်ပြည်နယ်အစိုးရအဖွဲ့ ဥပဒေချုပ်၏ဇနီး ဒေါ်သန်းသန်းအေးမှလည်းကောင်း၊ ဗိုလ်လုပွဲနေ့ အကောင်းဆုံး အားကစားသမားဆုကို ကရင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ၏ဇနီး ဒေါ်မာယဥ်‌အေးမှလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယဆုရရှိသော ကော့ကရိတ်မြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆုများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၏ဇနီး ဒေါ်နန်းမြင့်မြင့်‌အေးမှလည်းကောင်း၊ ပထမဆုရရှိသော ဘားအံမြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆုများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းဘေဘီမြင့်မှ လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်ပြီး အစီအစဉ်အရ နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများအား ဆက်လက်ချီးမြှင့်ခဲ့ရာ ဂိုးသမားအကောင်းဆုံးအားကစားသမားဆုရရှိသော ကော့ကရိတ်မြို့နယ်အသင်းမှ ကျောနံပါတ် (၁၈) နန်းဝင်းလဲ့ဝါအား ကရင် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုးမှ ဆုကလပ်နှင့်ငွေသားဆုအားလည်းကောင်း၊ နောက်တန်းအကောင်းဆုံးအားကစားသမားဆုရရှိသောဘားအံမြို့နယ်အသင်းမှ ကျောနံပါတ်(၄) နန်းစနေမအား ကရင်ပြည်နယ် ဥပဒေချုပ် ဦးရဲလွင်မှ ဆုကလပ်နှင့်ငွေသားဆုအားလည်းကောင်း၊ အလယ်တန်းအကောင်းဆုံး အားကစားသမားဆုရရှိသော ကော့ကရိတ်မြို့နယ်အသင်းမှ ကျောနံပါတ် (၈) နန်းသီတာထွန်းအား ကရင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းမှ ဆုကလပ်နှင့်ငွေသားဆုအားလည်းကောင်း၊ ရှေ့တန်းအကောင်းဆုံးအားကစားသမားဆုရရှိသော ကော့ကရိတ်မြို့နယ်အသင်းမှ ကျောနံပါတ် (၁၁) နန်းမိုးပွင့်‌အေးချိုအား ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်မှ ဆုကလပ်နှင့်ငွေသားဆုအားလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသော ဘားအံမြို့နယ်အသင်းမှ ကျောနံပါတ် (၉) နန်းနှင်းနှင်းလှိုင်အား ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်မှ ဆုကလပ်နှင့်ငွေသားဆုအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

၎င်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ကော့ကရိတ်မြို့နယ်အသင်းအား ဆုကလပ်နှင့် ငွေသားဆု (၇)သိန်းကျပ်ကို ကရင် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းမှလည်းကောင်း၊ ပထမဆုရရှိသော ဘားအံမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု(၁၀)သိန်းကျပ်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးမှလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။