အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး၊ ဦးမင်းသိန်းဇံ ၂၀၂၂ခုနှစ်၊ ဗိုဗီနမ်နည်းပြသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ ဩဂုတ်(၃၀)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့်” ၂၀၂၂ခုနှစ်၊ ဗိုဗီနမ်နည်းပြသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား” ကို ယနေ့နံနက်(၉:၀၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၊ Gold Camp ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်၊ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ် များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးနေဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့်၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်ခင်လေးမွန်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်အနေဖြင့် နိုင်ငံတကာပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ဆုတံဆိပ်များရရှိခဲ့ပြီး အောင်မြင်မှုများရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ရရှိထားသော အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်း၍ အောင်မြင်မှုများပိုမိုရရှိစေရန်အတွက် ထူးချွန်ထက် မြက်သည့် မျိုးဆက်သစ်အားကစားသမားကောင်းများစွာ မွေးထုတ်ပေးရန်လိုကြောင်း၊ ပြိုင်ပွဲများကိုစနစ်တကျ စည်းကမ်းပြည့်ဝစွာ ကျင်းပနိုင်ရေးနှင့် မျိုးဆက်သစ်အားကစားသမားများအား လေ့ကျင့်သင်ကြားပေးရာတွင် တာဝန်ယူကြရမည့် နည်းပြများအနေဖြင့် နည်းစနစ်များနှင့် နည်းဥပဒေများကို ကျွမ်းကျင်ပိုင်နိုင်စေရန်နှင့် မှန်ကန်စွာသင်ကြားလေ့ကျင့်ပေးရန်အတွက် ယခုသင်တန်းတွင် စာတွေ့/လက်တွေ့ သင်ခန်းစာများအား စနစ်တကျ သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း၊ ဗိုဗီနမ်အားကစားနည်းအနေဖြင့် ၂၀၂၂ခုနှစ်၊ ဗီယက်နမ်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားသမား(၁၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၃)ခုနှင့် ကြေးတံဆိပ် (၆)ခု စုစုပေါင်းဆုတံဆိပ်(၁၂)ခုရရှိခဲ့သည့်အတွက် ဗိုဗီနမ်အားကစားနည်းအနေဖြင့် နိုင်ငံအလိုက် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ယခုလိုအောင်မြင်မှုများ ပိုမိုရရှိစေရန်အတွက် မျိုးဆက်သစ်အားကစားသမားများအား ပြုစုပျိုးထောင်လေ့ကျင့်ပေးသွားရန်၊ ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်မှအားထားရမည့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် ဗိုဗီနမ်အားကစားနည်း တိုးတက်ပြန့်ပွားလာစေရန်အတွက် နည်းပြများအနေဖြင့် အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ပြန်လည် ရောက်ရှိသည့်အခါ သင်တန်းတွင် သင်ကြားပို့ချခဲ့သည့် စာတွေ့/လက်တွေ့သင်ခန်းစာများ၊ နည်းစနစ်များနှင့် နည်းဥပဒေများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ပြန်လည်အသုံးချ၍ အကောင်အထည်ဖော်ပြီး အဖွဲ့ချုပ်နှင့်နိုင်ငံတော်အတွက် အားကိုးအားထားပြုရသည့် နည်းပြဆရာကောင်းများဖြစ်အောင် ကြိုးစားသွားကြရန်နှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများစွာ မွေးထုတ်ပေးကြရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသား/သင်တန်းသူ(၂)ဦးအား သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ညနေ(၃:၀၀)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပလျက်ရှိသည့် ၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲ ဒုတိယအကြိုဗိုလ်လုပွဲ ပွဲစဉ်အား တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

(၁.၉.၂၀၂၂)ရက်နေ့ ညနေ(၃)နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ တတိယလုပွဲ ပွဲစဉ်အဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်း၊ (၂.၉.၂၀၂၂)ရက်နေ့တွင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။