အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇူလိုင် (၁၈)ရက်။

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀:၀၀)နာရီ တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများဖြစ်ကြသော ဦးခွန်ဂျာအောင်၊ ဦးရဲလွင်၊ ဒေါက်တာစိုးမင်းဦး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/နည်းပြများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော မျိုးဆက်သစ်လူငယ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲများအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲ စည်းမျဉ်း/ စည်းကမ်းများနှင့် မကိုက်ညီသော အားကစားသမားများကို ဝင်ရောက်ယှဉ်ပြိုင်ကစားခွင့်ပြုမည် မဟုတ်ပါကြောင်း၊ အားကစားလေ့ကျင့်ရေးစခန်းတွင် တည်းခိုနေထိုင်စဉ်ကာလအတွင်း စည်းမျဉ်း/စည်းကမ်းများနှင့်အညီ သွားလာနေထိုင်ကြရန် မိမိတို့၏အားကစားသမားများကို အုပ်ချုပ်သူ/ နည်းပြများမှ အဆင့်ဆင့်ဂရုစိုက်၍ ကြီးကြပ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုပြိုင်ပွဲတွင် ဆုကြေးငွေအဖြစ် ပထမဆုကျပ်သိန်း(၃၀)၊ ဒုတိယဆုကျပ်သိန်း(၂၀)၊ တတိယဆုကျပ်(၁၅)သိန်း၊ စတုတ္ထဆု ကျပ်(၁၀)သိန်း၊ အကောင်းဆုံးအားကစားသမားဆု(၁)ဆုလျှင် ကျပ်(၂)သိန်းနှင့် ပွဲစဉ်တလျှောက် အကောင်းဆုံး အားကစားသမားဆုအား ကျပ်(၃)သိန်းနှုန်းဖြင့် ချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်မှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ညွှန်ကြာရေးမှူး ဦးရဲလွင်မှ စီမံကိန်းနှင့်သုတေသနဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးမှ အားကစားဆေးဘက်ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများမှ ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များ၊ ဥပဒေ/နည်းဥပဒေဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ကြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ နေထိုင်စားသောက်မှုဆိုင်ရာကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး အသီးသီးဆွေနွေးတင်ပြခဲ့ကြရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ဆွေးနွေးတင်ပြခဲ့မှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-19 ဘောလုံး(အမျိုးသား)ပြိုင်ပွဲကို ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်း(၁၄)သင်း၊ ပြိုင်ပွဲဝင် အုပ်ချုပ်/ နည်းပြ/အားကစားသမား စုစုပေါင်းအင်အား (၃၂၅)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲကို ဇူလိုင်လ(၂၀)ရက်မှ ဩဂုတ်လ(၃)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်( ၁ ၊ ၂ ၊ ၃ )တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။