အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ သုံးယောက်တွဲအသင်းလိုက် (အမျိုးသား) ဗိုလ်လုပွဲ ယှဉ်ပြိုင်နေမှုများကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဇူလိုင် (၇)ရက်။

မြန်မာ့ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ် ပိုက်ကျော်ခြင်း အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (C) ရုံ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက် (၈:၀၀)နာရီမှစတင်၍ သုံးယောက်တွဲ အသင်းလိုက် (အမျိုးသား) ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရှမ်းပြည်နယ် အသင်းကို (၂:၀) ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေအသင်းမှ ပဲခူးတိုင်းဒေသကြီး အသင်းကို (၂:၀) ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြပါသည်။

ဆက်လက်၍ သုံးယောက်တွဲအသင်းလိုက် (အမျိုးသား) တတိယလုပွဲ ပွဲစဉ်အဖြစ် ပဲခူးတိုင်းဒေသကြီးအသင်းမှ ရှမ်းပြည်နယ်အသင်းကို(၂:၀)ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် နေပြည်တော်ကောင်စီနယ်မြေအသင်းမှ စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို(၂:၁)ဖြင့် လည်းကောင်းအသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့မှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ ပိုက်ကျော်ခြင်းအားကစား ဝါသနာရှင်များမှ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။