အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ဘော်လီဘောပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ အစည်းအဝေးကျင်းပ

တောင်ကြီး၊ဇွန်လ(၁၆)ရက်။

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများလူစစ်ဆေးခြင်းကို ယနေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင်လည်းကောင်း၊ အသင်းအုပ်ချုပ်သူများ အစည်းအဝေးကို နံနက်(၁၀:၁၅)နာရီအချိန်တို့တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ / နည်းပြများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး မှ ယခုလို ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းအားဖြင့် နိုင်ငံတော်အတွက် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် သတ်မှတ်ထားသောစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ အနေဖြင့် အမှတ်ပေးစည်းမျဉ်း/စည်းကမ်းများနှင့်အညီ စနစ်တကျကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ အုပ်ချုပ်သူ/နည်းပြများအနေဖြင့်လည်း စည်းမျဉ်း/စည်းကမ်းများကို စနစ်တကျ နားလည်သဘောပေါက်ရန် လိုအပ်ပြီး အုပ်ချုပ်သူ/နည်းပြများမှ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းပြောကြားသွားခဲ့ပါသည်။

ဆက်လက်ပြီး အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်မှ ပြိုင်ပွဲဝင်အားကစားသမားများ၏ ကိုယ်ရေးအချက်အလက်များကို ပေးထားသောဖောင်များတွင် မှန်ကန်စွာဖြည့်ပေးကြစေလိုပါကြောင်း၊ ရရှိထားသည့် အချက် အလက်များကို စုပေါင်းပြီး အားနည်းချက်၊ အားသာချက်များကို အစီရင်ခံစာတွင် ရေးသားတင်ပြသွားမည်ဖြစ်ပါကြောင်း၊ ဘော်လီဘောအားကစားနည်းသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များကို ရယူပေးနိုင်သည့် အားကစားနည်းဖြစ်ပါကြောင်း ပြောကြားသွားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲကို ယခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒိုင်လူကြီး၊ ကြီးကြပ်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ၊ ပြိုင်ပွဲများကို (၁၇.၆.၂၀၂၂) ရက်နေ့မှ (၃၀.၆.၂၀၂၂)ရက်နေ့ထိ (၁၄)ရက်ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲနှင့်ပတ်သက်ပြီး မရှင်းလင်းသည့်စည်းမျဉ်း/စည်းကမ်းများနှင့် ပတ်သက်သည်များကို ယခုတစ်ပါတည်းမေးမြန်းနိုင်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် မြန်မာ နိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်ဒိုင်များဖြင့် ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲအမှတ်ပေး စည်းမျဉ်း/စည်းကမ်းများ၊ ဥပဒေပိုင်းဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲဝင်အားကစားအထောက် အကူပြုပစ္စည်းများနှင့် ပတ်သက်သည့်အချက် အလက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော အသင်းအုပ်ချုပ်သူများအား ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းမှ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ စားသောက်နေထိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ဂရုတစိုက်ယှဥ်ပြိုင်ကစားသွားကြရန်၊ ဒါဏ်ရာရရှိနိုင်သည့် အားကစားနည်းဖြစ်သည့်အတွက် အသင်းအုပ်ချုပ်သူနှင့် နည်းပြများအနေဖြင့် မိမိတို့၏ အားကစားသမားများကို သေချာပြုလုပ်ပေးစေလိုပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲဖြစ်သည့်အတွက် မိုးဦးကျကာလဖြစ်သည့်အခါ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် အားကစားပြိုင်ပွဲတွင် ဆရာဝန်၊ အကူသူနာပြုများဖြင့်အသင့်ရှိနေမည် ဖြစ်ပါကြောင်း၊ အားကစားသမားများ၊ အုပ်ချုပ်သူ/နည်းပြများအနေဖြင့် နေမကောင်း ဖြစ်သည်များနှင့် ဒါဏ်ရာရရှိသူများကို ယာယီဆေးခန်းတွင် (၂၄)နာရီ အချိန်မရွေးလာရောက်ကုသနိုင်ကြောင်း၊ သန့်ရှင်းရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ် သက်ပြီး ဖြည့်စွက်ပြောကြားသွားကာ အစည်းအဝေးသို့တက်ရောက်ကြသူများမှ အထွေထွေဆွေးနွေးချက်များကိုတင်ပြခဲ့ကြပြီးနောက်အုပ်စုမဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယားရေးဆွဲခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။

၂၀၂၂ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အသင်း(၁၄)သင်း၊ အမျိုးသားပြိုင်ပွဲဝင်အသင်း(၁၄) သင်း၊ အမျိုး သမီး ပြိုင်ပွဲဝင်အသင်း(၁၄)သင်းဖြင့် အုပ်ချုပ်သူ / နည်းပြနှင့် အားကစားသမား အင်အားစုစုပေါင်း (၄၀၅)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါပြိုင်ပွဲကို ရှမ်းပြည်နယ် လေ့ကျင့်ရေးအားကစားရုံအတွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိခဲ့ရကာ အစည်းအဝေးကို နံနက်(၁၁:၃၀)နာရီအချိန်တွင်ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။