အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြသော အသင်းအုပ်ချုပ်သူများ/နည်းပြများနှင့် အားကစားသမားများအား ကြိုဆိုတွေ့ဆုံနှုတ်ဆက်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန်(၉)ရက်။

မြန်မာနိုင်ငံရိုးရာခြင်းလုံးအားကစားအဖွဲ့ချုပ်မှ နာယက ဦးစိုးတင့်၊ ဥက္ကဋ္ဌ ဦးသက်လွင်နှင့် တာဝန်ရှိသူများမှ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးရိုးရာခြင်းလုံးပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြသော ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူများ/နည်းပြများနှင့် အားကစားသမားများအား ကြိုဆိုတွေ့ဆုံနှုတ်ဆက်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ (၃)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Gold Medal Hall)၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားစီမံကိန်းနှင့်သုတေသန ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ အားကစားဆေးဘက်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/နည်းပြများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်က ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ထူးချွန်ထက်မြက်သော မျိုးဆက်သစ်လူငယ် ရိုးရာခြင်းလုံးအားကစားသမားများ ပေါ်ထွက်လာစေရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲများကိုကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် အလားအလာရှိပြီး ထူးချွန်ထက်မြက်သည့် ရွက်ပုန်းသီး မျိုးဆက်သစ်အားကစားသမားများကို ရွေးချယ်၍ လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)တွင် လေ့ကျင့်ပျိုးထောင်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဒိုင်/ဂျူရီများအနေဖြင့် ပြိုင်ပွဲတွင် ဘက်လိုက်မှုမရှိဘဲ စည်းမျဉ်း/စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများ၏ စားသောက်နေထိုင်ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များကို အသင်းအုပ်ချုပ်သူ/နည်းပြများမှ စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုပြိုင်ပွဲတွင် ဆုကြေးငွေအဖြစ် ပထမဆု (၁၅) သိန်း၊ ဒုတိယဆု(၁၀)သိန်း၊ တတိယဆု(၇)သိန်းနှင့် အကောင်းဆုံးအားကစားသမားဆု(၁)ဆုလျှင် (၁)သိန်းနှုန်းဖြင့် ချီးမြှင့်ပေးသွား မည်ဖြစ်သည့်အပြင် အမျိုးသားတံခွန်စိုက်ဒိုင်းနှင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းများကိုလည်း ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့ပြီးနောက် အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပါသည်။

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်း(၁၂)သင်း၊ အမျိုးသားအသင်း(၁၂)သင်း၊ အမျိုးသမီးအသင်း(၆)သင်းဖြင့် အုပ်ချုပ်/ နည်းပြနှင့် အားကစားသမားအင်အား စုစုပေါင်း (၁၇၉)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲကို ဇွန်လ(၁၀)ရက်နေ့မှ (၁၃)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။