အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ” ပွဲစဉ်များဆက်လက်ကျင်းပ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေး ဆုချီးမြှင့်

နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၃)ရက်။

မြန်မာတို့၏ ရိုးရာအမွေအနှစ်ဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်းကို စိတ်ပါဝင်စားပြီး လူငယ်မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင် စည်းလုံးညီညွတ်မှုရရှိကာ ကျန်းမာကြံ့ခိုင်သောလူငယ်များအဖြစ် နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ် အားကစားသမားများနှင့် ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ “ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ” ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကိုဗစ်- ၁၉ ရောဂါစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ဆက်လက်ကျင်းပပြုလုပ်လျက် ရှိရာ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ၁+၄ (အမျိုးသား)အသင်းလိုက် ဓါးရှည်ဝိုင်းထွက်စွမ်းရည်ပြပြိုင်ပွဲ၊ ၁+၅ (အမျိုးသား)အသင်းလိုက် အချုပ်ဖြည်စွမ်းရည်ပြပြိုင်ပွဲ၊ ပြိုင်ပွဲအမျိုးအစား ဝိတ်တန်းအလိုက် (အမျိုးသား/အမျိုးသမီး)ဗန်တိုအတိုက်ပြိုင်ပွဲများအား ယှဉ်ပြိုင်ကစားခဲ့ကြပြီးနောက် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ (အမျိုးသမီး) တစ်ကိုယ်တော်လှံရှည် ပညာစဉ်စွမ်းရည်ပြ ပြိုင်ပွဲ၊ (အမျိုးသား)အခြေခံဗန်တို(၆၃)နည်း ပညာကျင့်စဉ်ပြိုင်ပွဲ၊ (အမျိုးသမီး)လက်နက်မဲ့ (၁+၁) ပညာစဉ်စွမ်းရည်ပြပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး) ဓါးမြှောင်ဗန်တို (၁+၁) ပြိုင်ပွဲ၊ ၁+၂ (မ-၁+ကျား-၂) (အမျိုးသား/အမျိုးသမီး)အသင်းလိုက်စွမ်းရည်ပြပြိုင်ပွဲ၊ ၁+၄ (အမျိုးသား)အသင်းလိုက် ဓါးရှည်ဝိုင်းထွက်စွမ်းရည်ပြပြိုင်ပွဲ၊ ၁+၅ (အမျိုးသား)အသင်းလိုက် အချုပ်ဖြည်စွမ်းရည်ပြပြိုင်ပွဲနှင့် ပြိုင်ပွဲအမျိုးအစား ဝိတ်တန်းအလိုက် (အမျိုးသား/အမျိုးသမီး)ဗန်တိုအတိုက်ပြိုင်ပွဲများတွင် (ပထမ၊ဒုတိယ၊တတိယ)ဆုရရှိခဲ့ကြသည့် အားကစားသမားများအား ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးသန့်ဇင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ် သူများမှ တစ်ဦးချင်းဆုတံဆိပ်နှင့်အတူ ငွေသားဆုများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

(၁၄.၂.၂၀၂၂)ရက်နေ့ နံနက်(၈)နာရီခွဲအချိန်မှစ၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ပြိုင်ပွဲအမျိုးအစားအလိုက် မြန်မာ့သိုင်းပြိုင်ပွဲ ပွဲစဉ်များအား ဆက်လက်ယှဉ်ပြိုင်ကစားပြီးနောက် ဆုပေးပွဲအခမ်းအနားနှင့် “ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ” ပိတ်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ သိုင်းအားကစားနည်းကို စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။