အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်

နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၀)ရက်။

မြန်မာတို့၏ ရိုးရာအမွေအနှစ်ကိုယ်ခံပညာရပ်ဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်းဖွံ့ဖြိုး တိုးတက်စေရန်နှင့် မြန်မာ့ရိုးရာသိုင်းပညာရပ်ကို လူငယ်/လူရွယ်တိုင်း စိတ်ပါဝင်စားလာစေရန် ရည်ရွယ်၍ ” ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား” ကို ယနေ့နံနက် (၉)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကိုဗစ်- ၁၉ ရောဂါ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဖဒိုမန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ ဦးစောဒန်နီယယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာမျိုးသိန်းကျော်၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက်ခိုင်၊ ဒေါက်တာဌေးအောင်နှင့် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

 ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာတို့၏ ရိုးရာအမွေအနှစ်ဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်းကို စိတ်ပါဝင်စားပြီး လူငယ်မျိုးဆက်သစ်အားကစားသမားများမွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံး ညီညွတ်မှုရရှိကာ ကျန်းမာကြံ့ခိုင်သောလူငယ်များအဖြစ် နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ် အားကစား သမားများနှင့် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယခုပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ မြန်မာ့သိုင်းပညာရပ်များ နိုင်ငံတကာသို့ ပြန့်နှံ့ရောက်ရှိစေရန် နှင့် အရှေ့တောင်အာရှနှင့် ကမ္ဘာ့အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်အနိုင်ရရှိရေးတို့အတွက် အထောက်အကူဖြစ်စေရန် ဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာ့သိုင်းပညာရပ်သည် တန်ဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုအမွေအနှစ် ဖြစ်သော ကြောင့် ထိန်းသိမ်းစောင့်ရှောက်သွားကြရန်နှင့် ခေတ်နှင့်အညီ ပြန့်ပွားတိုးတက်စေရေးအတွက် နိုင်ငံသားတိုင်း၏ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ရန်လိုကြောင်း၊ သိုင်းပညာရပ်သည် နိုင်ငံတော်ကာကွယ်ရေးအတွက်အရေးပါသည့်အပြင် ရိုးရာအမွေအနှစ် ကိုယ်ခံပညာတစ်ရပ်အနေဖြင့် အလေးအနက်ထား လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ကြောင်း၊ ထိုပညာရပ်ကို မတိမ်ကောပပျောက်မသွားစေရန်အတွက် လူငယ်လူရွယ်တိုင်း၏ စိတ်ထဲ/နှလုံးသားထဲတွင်ခံယူပြီး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန်လိုကြောင်း၊ ယခုပြိုင်ပွဲတွင် ဒိုင်လူကြီးများ အနေဖြင့် ဘက်လိုက်မှုမရှိဘဲ တရားမျှတစွာဖြင့် မှန်မှန်ကန်ကန်ဆုံးဖြတ်ဆောင်ရွက်ပေးရန်နှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအနေဖြင့်လည်း တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးစွာဖြင့် ပြောဆိုနေထိုင်၍ မိမိတို့အသင်းအောင်နိုင်ရေးအတွက် အနိုင်မခံအရှုံးမပေးဘဲ ဇွဲ၊ စိတ်ဓာတ် အပြည့်အဝဖြင့် မိမိတို့၏အစွမ်းအစများကို အစွမ်းကုန်‌ ဖော်ထုတ်ယှဉ်ပြိုင်ကစားကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြိုင်ပွဲအမျိုးအစား ဝိတ်တန်းအလိုက် ဗန်ဒိုပြိုင်ပွဲနှင့် ဓါးအတိုက် ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး  မြန်မာ့သိုင်းပြိုင်ပွဲအား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ မှ (၁၄) ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ပြိုင်ပွဲအမျိုးအစားအလိုက် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်း (၁၂) သင်း၊ အားကစားသမားအင်အား (၁၄၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ အားကစားကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။