အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက် (၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ(၃)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၃)နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွေကြိမ်း၊ တပ်မတော်မှအရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှဝန်ထမ်းများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ရှေးဦးစွာ ဗိုလ်လုပွဲပွဲစဉ်အဖြစ် မကွေးတိုင်းဒေသကြီးအသင်းနှင့်ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မကွေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို (၄)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အကောင်းဆုံးဂိုးသမားဆုရ မောင်သူရဇော် (တနင်္သာရီတိုင်းဒေသကြီးအသင်း)ကိုလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အကောင်းဆုံးနောက်တန်းကစားသမားဆုရ မောင်မင်းထက်ဇော်(ကချင်ပြည်နယ်အသင်း)နှင့် အကောင်းဆုံးအလယ်တန်းကစားသမားဆုရ မောင်အောင်ခန့်ဖြိုး (ရန်ကုန်တိုင်းဒေသကြီးအသင်း)ကိုလည်းကောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးကအကောင်းဆုံးရှေ့တန်းကစားသမားဆုရ မောင်ဝင်းပြည့်မောင် (မကွေးတိုင်းဒေသကြီးအသင်း)ကိုလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ဖြိုးသန့်က ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုရ မောင်ဆက်ပိုင်ထွန်း (မကွေးတိုင်းဒေသကြီးအသင်း) ကိုလည်းကောင်း တစ်ဦးချင်းအကောင်းဆုံးဆုတံဆိပ်များနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က စတုတ္ထဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းအား ငွေသားဆုကိုလည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းကတတိယရရှိသည့် တနင်္သာရီတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးက ပထမဆု ရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုနှင့် အမျိုးသားတံခွန်စိုက်ဒိုင်းကို ပေးအပ်ချီးမြှင့်သည်။

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မြန်မာဘောလုံးအားကစားလောက အဆင့်အတန်းဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အောက်တိုဘာ(၂၀)ရက်မှ နိုဝင်ဘာ(၃)ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း(၁၃)သင်းမှ အားကစားသမား စုစုပေါင်း(၂၉၇)ဦး ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။