အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ဘိလိယက်/စနူကာပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများအစည်းအဝေးကျင်းပ

တောင်ကြီးမြို့၊ စက်တင်ဘာလ(၂၂)ရက်။

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့ဘိလိယက်/စနူကာ အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးနှင့် မြန်မာ့လက်ရွေးစင်အားကစားသမားများပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ဘိလိယက်/စနူကာပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းများမှ ပြိုင်ပွဲဝင် အားကစားသမားများ လူစစ်ဆေးခြင်းကို ယနေ့နံနက်(၀၈:၀၀)နာရီအချိန်တွင်လည်းကောင်း၊ အသင်းအုပ်ချုပ်သူများအစည်းအဝေးကို နံနက် (၁၀:၀၀)နာရီအချိန်တို့တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မိုးမိုး၊ မြန်မာနိုင်ငံဘိလိယက်/စနူကာအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/နည်းပြများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမား များတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ယှဉ်ပြိုင်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က ယခုလို ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းအားဖြင့် နိုင်ငံတော်အတွက် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် သတ်မှတ်ထားသောစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ မြန်မာနိုင်ငံဘိလိယက်/စနူကာအဖွဲ့ချုပ်မှ တာဝန်ရှိသူများအနေဖြင့် အမှတ်ပေးစည်းမျဉ်း/စည်းကမ်းများနှင့်အညီ စနစ်တကျကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ အုပ်ချုပ်သူ/နည်းပြများအနေဖြင့်လည်း စည်းမျဉ်း/စည်းကမ်းများကို စနစ်တကျ နားလည်သဘောပေါက်ရန် လိုအပ်ပြီး အုပ်ချုပ်သူ/နည်းပြများမှ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းပြောကြားသွားခဲ့ပါသည်။

ဆက်လက်ပြီး အစည်းအဝေးသို့တက်ရောက်လာကြသော အသင်းအုပ်ချုပ်သူများအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းက အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊စားသောက်နေထိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ဂရုတစိုက်ယှဥ်ပြိုင်ကစားသွားကြရန်၊ အသင်းအုပ်ချုပ်သူနှင့် နည်းပြများအနေဖြင့် မိမိတို့၏ အားကစားသမားများကို ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲဖြစ်သည့်အတွက် ယခုအချိန်အခါသည် ကိုဗစ်-၁၉ရောဂါသည် ပြန်လည်ဖြစ်ပေါ်နေပါသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် အားကစားပြိုင်ပွဲတွင် ကိုဗစ်-၁၉ သတ်မှတ်စည်းမျဥ်း/စည်းကမ်းများနှင့် Mask များကို စနစ်တကျတပ်ဆင်စေလိုပါကြောင်း၊ အားကစားသမားများ၊ အုပ်ချုပ်သူ/နည်းပြများအနေဖြင့် နေထိုင်မကောင်း ဖြစ်သည်များကို အချိန်မီကုသနိုင်စေရေးအတွက် အမြန်ဆုံးအကြောင်းကြားစေလိုပါကြောင်း ၊ သန့်ရှင်းရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ဖြည့်စွက်ပြောကြားသွားကာ ဆက်လက်ပြီး တည်းခိုနေထိုင်ရေးဆိုင်ရာလုံခြုံရေးကိစ္စလုပ်ငန်းစဥ်များကို ရှင်းလင်းချပြသွားခဲ့ကြောင်းသိရှိခဲ့ရပါသည်။

ဆက်လက်ပြီး အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မိုးမိုးကပြိုင်ပွဲဝင် အားကစားသမားများ၏ ကိုယ်ရေးအချက်အလက်များကို ပေးထားသောဖောင်များတွင် မှန်ကန်စွာဖြည့်ပေးကြစေလိုပါကြောင်း ၊ ရရှိထားသည့်အချက်အလက်များကို စုပေါင်းပြီး အားနည်းချက်၊ အားသာချက်များကို အစီရင်ခံစာတွင် ရေးသားတင်ပြသွားမည်ဖြစ်ပါကြောင်း ပြောကြားသွားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံဘိလိယက်/စနူကာအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲကို ယခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ ၊ ဒိုင်လူကြီး ၊ ကြီးကြပ်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများကို (၂၃.၉.၂၀၂၂ ) ရက်နေ့မှ (၂၉.၉.၂၀၂၂)ရက်နေ့ထိ (၇)ရက်ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲနှင့်ပတ်သက်ပြီး မရှင်းလင်းသည့်စည်းမျဉ်း/စည်းကမ်းများနှင့် ပတ်သက်သည်များကို ယခုတစ်ပါတည်းမေးမြန်းနိုင်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် အဖွဲ့ချုပ်ဒိုင်များဖြင့် ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲအမှတ်ပေး စည်းမျဉ်း/စည်းကမ်းများ ၊ ဥပဒေပိုင်းဆိုင်ရာကိစ္စရပ်များ ၊ပြိုင်ပွဲဝင်အားကစားအထောက်အကူပြုပစ္စည်းများနှင့် ပတ်သက်သည့်အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကာ ဆက်လက်ပြီး အစည်းအဝေးသို့တက်ရောက်ကြသူများမှ အထွေထွေဆွေးနွေးချက်များကို တင်ပြခဲ့ကြပြီးနောက် အုပ်စုမဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယားရေးဆွဲခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အသင်း(၁၃)သင်းဖြင့် အုပ်ချုပ်သူ /နည်းပြနှင့် အားကစားသမား အင်အားစုစုပေါင်း (၁၅၀)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါပြိုင်ပွဲကို ပြည်နယ်လေ့ကျင့်ရေးအားကစားရုံအတွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိခဲ့ရကာ အစည်းအဝေးကို နံနက်(၁၁း၀၀)နာရီအချိန်တွင်ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။