အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ စက်တင်ဘာလ (၅)ရက်။

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်လွင်နှင့် တာဝန်ရှိသူများ၊အထူးဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အုပ်ချုပ်/နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများတက်ရောက်ခဲ့ကြပါသည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ဖြစ်သော မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်စေရန်နှင့် စစ်တုရင်အားကစားနည်းဟာ အခြားသော အားကစားနည်းများကဲ့သို့ ကိုယ်ကာယလှုပ်ရှားပြီး ကစားရသော အားကစားနည်းမဟုတ်ဘဲ စိတ်ဓါတ်ကိုအခြေခံ၍ ကစားရသောအားကစားနည်းဖြစ်သောကြောင့် စိတ်ဓါတ်ကြံ့ခိုင်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှုသည် အဓိကလိုကြောင်း၊ စစ်တုရင်အားကစားနည်းဟာ အားကစားပစ္စည်းကုန်ကျစရိတ် အနည်းဆုံးနှင့် လေ့ကျင့်ယှဉ်ပြိုင်ကစားနိုင်သည့် အားကစားနည်းတစ်ရပ်ဖြစ်ကြောင်း၊ စစ်တုရင်အားကစားနည်းအနေဖြင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုအစဉ်အလာကောင်းသည့် အားကစားနည်းတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတကာအဆင့်မီ အားကစားသမားကောင်းများ စဉ်ဆက်မပြတ်ပေါ်ထွက်လာရေးအတွက် အထောက်အကူဖြစ်စေတဲ့ သွေးသစ်လူငယ်စစ်တုရင် အားကစားသမားများကို ယခုကျင်းပတဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီးစစ်တုရင်ပြိုင်ပွဲများမှတဆင့် အများဆုံးရွေးချယ် မွေးထုတ်ပေးခဲ့တာဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အားကစားမောင်/မယ်များတို့ဟာ မိမိတို့ ကိုယ်စားပြုအသင်းများမှနေ၍ အကောင်းဆုံးယှဉ်ပြိုင်ပြီး မြန်မာ့လက်ရွေးစင်အသင်းကြီးကို အင်အားဖြည့်တင်းနိုင်ရန် မျိုးဆက်သစ်လူငယ်စစ်တုရင်အားကစားသမားကောင်းများ ပေါ်ထွက်လာအောင် ကြိုးစားယှဉ်ပြိုင်သွားစေလိုကြောင်းတိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများမှာ အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဥက္ကဌဦးမောင်မောင်လွင်နှင့်တာဝန်ရှိသူများက အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲအား ဝန်ကြီးချုပ်မှ ပထမကစားကွက်အား စတင်ရွှေ့၍ စစ်တုရင်ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီး ပထမနေ့ပွဲစဉ်များအား ကြည့်ရှုအားပေးခဲ့ပါသည်။

အဆိုပါပြိုင်ပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အမျိုးသားပြိုင်ပွဲဝင်(၁၄)သင်း၊ အမျိုးသမီးပြိုင်ပွဲဝင် (၁၃)သင်းမှ စုစုပေါင်းအားကစားသမားအင်အား(၁၄၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး စက်တင်ဘာလ(၅)ရက်နေ့မှ စက်တင်ဘာလ (၁၂)ရက်နေ့အထိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်၍ မည်သူမဆိုအခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရှိရသည်။