အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးစစ်တုရင်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ စက်တင်ဘာလ(၄)ရက်။

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေ၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဥက္ကဌ ဦးမောင်မောင်လွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဌာနခွဲအလိုက်တာဝန်ခံများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ နည်းပြများ၊ အသင်းအုပ်ချုပ်သူများ၊ ကစားသမားများ တက်ရောက်ခဲ့သည်။

အစီအစဉ်အရ ပြည်နယ်နှင့်တိုင်းဒေသကြီးစစ်တုရင်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား အသင်းလိုက် အတည်ပြုပြီးနောက် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဥက္ကဌဦးမောင်မောင်လွင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများအား ကျန်းမာရေးကောင်းစွာဖြင့် စုံစုံညီညီ ပါဝင်ယှဉ်ပြိုင်နိုင်သည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကိုဗစ်-၁၉ ကဒ်ရောဂါကြောင့် ရက်၊ လ၊နှစ်ကြာမြင့်စွာ မကျင်းပနိုင်ခဲ့ပေမယ့် ယခုအခါတွင် နိုင်ငံတော်ရဲ့ ပံ့ပိုးကူညီမှု ရောဂါပိုးနှုန်းကျဆင်းမှုတို့ကြောင့် ယခုနှစ်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးစစ်တုရင်ပြိုင်ပွဲကို ပြန်လည်ကျင်းပနိုင်ခြင်းဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် ဒေသအသီးသီးမှ အားကစားသမားများအချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ ချစ်စရာကောင်းသည့် တိုင်းရင်းသားတို့၏ လက္ခဏာရပ်များကို တွေ့မြင်သိရှိ ဖလှယ်နိုင်ပြီး ရင်းနှီးမှုများ ရရှိကာအတွေ့အကြုံများဖလှယ်နိုင်ပြီး ပြိုင်ပွဲ၌ အောင်မြင်မှုရရှိကြ၍ မိမိတို့၏ ဒေသသို့ ကျန်းမာပျော်ရွှင်ချောမွေစွာဖြင့် ပြန်လည်ရောက်ရှိနိုင်ပါစေကြောင်း ပြောကြားသွားပါသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေမှ အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးစစ်တုရင်ပြိုင်ပွဲကို ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်သည် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ ဒေသအသီးသီးမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ မျိုးဆက်မပြတ်စေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် လက်ရွေးစင်အားကစားသမားကောင်းများ မွေးထုတ်နိုင်ပြီး နိုင်ငံတော်အတွက် ဆုတံဆိပ်များရရှိအောင် ဆောင်ရွက်နိုင်ကြစေရန် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲကာလအတွင်း အိပ်ဆောင်များနှင့် ပြိုင်ပွဲရုံများတွင် အဖွဲ့လိုက် စည်းကမ်းတကျ သွားလာနေထိုင်စေလိုကြောင်း၊ယခုအခြေအနေအရ လုံခြုံရေးနှင့်ကျန်းမာရေးကို အထူးဂရုစိုက် ရန်လိုအပ်ကြောင်း၊ ကိုဗစ်-19 ရောဂါပိုးတွေ့ရှိမှု အနည်းငယ်ပြန်မြင့်လာပါသဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်စည်းမျဉ်းနှင့်အညီ နေထိုင်သွားရန်လိုအပ်ပါကြောင်း၊ နည်းပြအုပ်ချုပ်များအနေဖြင့် ပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးကို အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်တို့နှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း၊ တည်းခိုဆောင်များတွင် စည်းကမ်းတကျ နေထိုင်ရန်နှင့် လိုအပ်ချက်များရှိပါက အချိန်နှင့်တစ်ပြေးညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အသင်းအုပ်ချုပ်သူ/နည်းပြများမှ မိမိအသင်းအား ဦးဆောင်၍ ပြိုင်ပွဲသို့ သွားလာရာတွင် အထူးဂရုစိုက်ဆောင်ရွက်စေလိုကြောင်းမှာကြားခဲ့ပါသည်။

ထို့နောက် ဌာနခွဲအလိုက် တာဝန်ခံများက ဆွေးနွေးတင်ပြပြီးနောက် အသင်းအုပ်ချုပ်သူ များက လိုအပ်ချက်အခက်အခဲများတင်ပြရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေက သက်ဆိုင်ရာ ဌာနခွဲတာ၀န်ခံများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။