အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော် ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်၊ ဇန်နဝါရီလ (၂၂) ရက်။

၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော် ပြိုင်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေး အတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည် (၁)နာရီ၌ အင်းယားကန်ရှိမြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ကျင်းပရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ်ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဖိတ်ကြားထားသော တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် အမှုဆောင်များ တက်ရောက်ခဲ့သည်။

အစီအစဉ်အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး မှ အဖွင့် အမှာစကားပြောကြားရာတွင် ရန်ကုန်မြို့၌ ပထမဦးဆုံးကျင်းပသော တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲဖြစ်သည့်အတွက် ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးကို ကဏ္ဍအလိုက် လစ်ဟာမှုမရှိစေရေးအတွက်အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ ထို့သို့ ပြိုင်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးမှာ ယခုအစည်းအဝေး တက်ရောက်လာသူများမှ ပြည့်ပြည့်စုံစုံဝိုင်းဝန်းဆွေးနွေးမှသာ အောင်မြင်မည်ဖြစ် ပါကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ်ဦးဌေးအောင် က ရန်ကုန်တိုင်း ဒေသကြီးအနေဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကိုယ်စား ဆောင်ရွက်ရမှာဖြစ်သည့်အတွက် လာရောက်ကြမည့် တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ အုပ်ချုပ်မှုအဖွဲ့နှင့် အားကစား သမားအဖွဲ့များအားလုံး အစစအရာရာ အဆင်ပြေချောမွေစေရေးနှင့်ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးမှာ အလွန်ပင် အရေးကြီးပါကြောင်း၊ ယုံကြည်မှုကြောင့်တာဝန်ပေးအပ်မှုအပေါ် အားလုံးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး က ၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော် ပြိုင်ပွဲအား တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ လူငယ်မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရေး၊ လှေလှော်အားကစားနည်းကို ပြည်သူများစိတ်ဝင်စားမှုရှိလာစေရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ လာရောက်ယှဉ်ပြိုင်ကြတဲ့ လှေလှော်အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရေးနှင့် လှေလှော်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး စသည်တို့အတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ပထမအကြိမ်တိုင်းဒေသကြီးနှင့်ပြည်နယ် လှေလှော်ပြိုင်ပွဲအား ၂၀၁၆ခုနှစ်တွင် မန္တလေးမြို့၌ လည်းကောင်း၊ ၂၀၁၇ခုနှစ် ဒုတိယအကြိမ်မြောက်ပြိုင်ပွဲကို ရန်ကုန်မြို့၌လည်းကောင်း၊ ၂၀၁၈ခုနှစ် တတိယအကြိမ်မြောက်ပြိုင်ပွဲကို မန္တလေးမြို့၌ လည်းကောင်း၊ ၂၀၁၉ခုနှစ် စတုတ္ထအကြိမ်မြောက် ပြိုင်ပွဲကို နေပြည်တော်ရှိ ငလိုက်ဆည်၌ လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီး ယခု ပဉ္စမ အကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲအဖြစ် ရန်ကုန်မြို့ရှိ အင်းယားကန်တွင် ကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ ၂၀၂၂ခုနှစ် ပဉ္စမအကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲတွင် ချင်းပြည်နယ်နှင့် ကယားပြည်နယ်မှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် များမှာ အမျိုးသားအသင်း(၁၃)သင်း၊ အမျိုးသမီး အသင်း(၁၁)သင်း ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါကြောင်း ၊ ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်တို့ အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးစေလိုကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး မှ အုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးရာ၌ ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းစည်းကမ်းများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနများသို့ (၂)လကြိုတင်၍ ဖြန့်ဝေခဲ့ပြီး ပြိုင်ပွဲအမျိုးအစားမှာ အသက်(၂၅)နှစ်အောက်ဖြစ်သည့်အတွက် အသက်စီစစ်ရေးကိစ္စရပ်များကို သက်ဆိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနမှ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ COVID-19 စည်းကမ်းသည်လည်း အရေးကြီးပြီး ပြိုင်ပွဲဝင် နည်းပြ/အုပ်ချုပ်နှင့် အားကစား သမားများအနေဖြင့် တည်းခိုဆောင်သို့ မဝင်ရောက်မီ ကာကွယ်ဆေး(၂)ကြိမ် ထိုးပြီးကြောင်းနှင့် နှာခေါင်းတို့ပတ် စစ်ပြီးကြောင်း ထောက်ခံချက်ပါရန် လိုအပ်ပါကြောင်း၊ ပြိုင်ပွဲမှ အလားအလာရှိသော အားကစားသမားများအားရွေးချယ်၍ Youth Camp တွင် စခန်းသွင်း လေ့ကျင့်သွား မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲအုပ်ချုပ်သူများအစည်းအဝေးကို ၃၀.၁.၂၀၂၂ ရက်နေ့ ၊ နံနက်(၁၀)နာရီ တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်းမှ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးဆိုင်ရာလိုအပ်ချက်များနှင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာ လိုအပ်ချက်များကိုတင်ပြရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ်ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးတို့မှ လိုအပ်သည်များကို ညှိနှိုင်းဖြည့်စွက်ဆောင်ရွက်ပေးခဲ့ သည်။

ဆက်လက်၍ ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အစည်းအဝေးတက်ရောက်လာသူများမှ ကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြပြီးနောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး မှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုလို ပြည့်ပြည့်စုံစုံ ဝိုင်းဝန်း ဆွေးနွေး အကြံပြုပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ပြိုင်ပွဲမတိုင်ခင် လိုအပ် ချက်များနှင့် ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ရန်ကိစ္စရပ်များကို အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်း၍ ခမ်းခမ်းနားနားအောင်မြင်စွာကျင်းပနိုင်ရေးကို မိမိအနေဖြင့်လည်း အစွမ်းကုန် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

အဆိုပါ ၂၀၂၂ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ရိုးရာလှေလှော်ပြိုင်ပွဲကို ၃၁.၁.၂၀၂၂ရက်နေ့ မှ ၁.၂.၂၀၂၂ရက်နေ့အထိ ရန်ကုန်မြို့အင်းယားကန်တွင် ရိုးရာလှေ (၇)တက် (ကျား/မ ) မီတာ (၂၀၀/ ၅၀၀) ပြိုင်ပွဲ၊ ရိုးရာလှေ (၁၀)တက် (ကျား/မ)မီတာ(၂၀၀/၅၀၀)ပြိုင်ပွဲ ၊ ရိုးရာလှေ (၁၀)တက် (ကျား+မ) မီတာ (၂၀၀/၅၀၀)ပြိုင်ပွဲများ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။