အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ်၊ တစ်နှစ်တာအတွင်း အားကစားလှုပ်ရှားဆောင်ရွက်မှု အမြင့်မားဆုံးဆုများနှင့် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် (ဝတ္ထုတို၊ဆောင်းပါး၊ ကဗျာ၊ ဓာတ်ပုံ)ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန်(၉)။

၂၀၂၂ခုနှစ် တစ်နှစ်တာအတွင်း အားကစားလှုပ်ရှားဆောင်ရွက်မှု အမြင့်မားဆုံးဆုများနှင့် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ ဓာတ်ပုံ) ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေး၊ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရေး အားကစားနည်းအလိုက် မျိုးဆက်သစ်များ စဉ်ဆက်မပြတ်ပေါ်ထွက်စေရေးနှင့် နိုင်ငံတော်၏အနာဂတ် တာဝန်များကို ပုခုံးပြောင်းတာဝန်ယူကြမည့် နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ထိထိရောက်ရောက် အကောင်အထည်ဖော်ရန် လုပ်ငန်းတာဝန်များ ကို ထမ်းဆောင်လျက်ရှိကြောင်း၊ အားကစားလုပ်ငန်းများကို အခြေခံအကျဆုံး ဆောင်ရွက်လျက်ရှိသည့် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အဆင့်မှစပြီး ဗဟိုအဆင့်ထိ အရာထမ်း/ အမှုထမ်းများအားလုံးက ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို တာဝန်သိစိတ်ဖြင့် ကြိုးပမ်းဆောင်ရွက် သွားကြမှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း၊ အားကစားအောင်မြင်မှု မြင့်မားရေးအတွက် နိုင်ငံတော်၏ နေ့ကြီးနေ့ရက်များဖြစ်သည့် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တောင်သူလယ်သမားနေ့၊ တပ်မတော်နေ့၊ အလုပ်သမားနေ့ စသည့်နေ့များတွင် လူထုအားကစားလှုပ်ရှားမှုများကို ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အားကစားဖိတ်ခေါ်ပြိုင်ပွဲများ ကျင်းပပေးခြင်း ဖြင့် အရည်အချင်းပြည့်ဝသည့် အားကစားသမားများပေါ်ထွက်လာပြီး နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများတွင်လည်း အားကစားလေ့ကျင့်ချိန် (P.T)ချိန်သတ်မှတ်ပြီး ကြိုက်နှစ်သက်ရာအားကစားနည်းတစ်ခုခုအား လေ့လာလိုက်စားနိုင်ခြင်း၊ စာသင်ကျောင်းများတွင်လည်း အားကစားနည်းအလိုက် ပြိုင်ပွဲများကျင်းပပေးပြီး ကျောင်းလက်ရွေးစင်များ ရွေးချယ်ခြင်း၊ အခြေခံကျောင်းပေါင်းစုံအားကစားပြိုင်ပွဲများ ကျင်းပပေးခြင်း၊ တက္ကသိုလ်/ကောလိပ်များမှ လည်း မေဂျာအလိုက် အားကစားပြိုင်ပွဲများကျင်းပပြီး လက်ရွေးစင်ရွေးချယ်ပြီး ကျောင်းသားအားကစား ပွဲတော်များမှတဆင့် တက္ကသိုလ်/ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများအထိ ကျင်းပပေးခဲ့သည့်အတွက် မျိုးဆက်သစ်များပေါ်ထွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အားကစားကဏ္ဍအောင်မြင် တိုးတက်ရေးအတွက် အဓိကတာဝန်ရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး အပါအဝင် အရာထမ်း/အမှုထမ်းများအားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ အောင်မြင်မှုရရှိအောင် ဦးစီးဌာနမှ သတ်မှတ်ညွှန်ကြားချက် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကြိုတင်ပြင်ဆင်ပြီး ဆုတံဆိပ်များ ရရှိအောင် ယှဉ်ပြိုင်သွားကြရန်လိုကြောင်း၊ အလားတူ ဒီဇင်ဘာလူထု အားစားလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရေး၊ နွေရာသီ၊ မိုးရာသီ၊ ဆောင်ရာသီ အားကစားအခြေခံသင်တန်း များကို အင်ပြည့်အားပြည့် ဖွင့်လှစ်နိုင်ရေး၊ Physical Fitness Dance စုပေါင်းလှုပ်ရှားမှုများယှဉ်ပြိုင်နိုင်ရေး၊ ဟောပြောပွဲများနှင့် သရုပ်ပြပွဲများ လက်ကမ်းစာဆောင်များ ဖြန့်ဝေနိုင်ရေး၊ အားကစားသိပ္ပံကျောင်းများသို့ အရည်အချင်းမှီ သည့် သင်တန်းသား/သင်တန်းသူများပေးပို့နိုင်ရေး၊ Youth Camp နှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် များသို့ လူငယ်လက်ရွေးစင်များ ရွေးချယ်ပေးပို့နိုင်ရေးစသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ဦးစီးဌာနမှ စောင့်ကြည့်လျက်မှတ်တမ်းတင်ထားရှိပြီး မိမိတို့တိုင်းဒေသကြီး နှင့်ပြည်နယ်အတွင်း အားကစားလှုပ်ရှားမှုအများဆုံး ကြိုးပမ်းအကောင်ထည်ဖော် ဆောင်ရွက်နေသည့် ခရိုင်၊ မြို့နယ်များကိုလည်း (၄)လတစ်ကြိမ် စိစစ်ဖော်ထုတ်ပြီး အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ပေးစေ လိုကြောင်း၊ မြန်မာအားကစားတိုးတက်မြှင့်မားစေရေးအတွက် လမ်းညွှန်ချက်များအတိုင်း တက်ကြွစွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်များကိုစိစစ်ပြီး ယခုလိုဂုဏ်ပြုချီးမြှင့်ပေးခြင်းဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများ၊ ကျောင်းသား/ကျောင်းသူများအပါအဝင် ပြည်သူများ ကိုယ်လက်လှုပ်ရှား ဆောင်ရွက်နိုင်ရေးအတွက် အလွယ်တကူ ကိုယ်လက်လှုပ်ရှား ပြုလုပ်နိုင်စေရန် နိုင်ငံတစ်ဝှမ်းလုံးတွင် Outdoor Fitness Equipment (၅၄၀၉)စုံ တပ်ဆင်ပေးထားနိုင်ခဲ့ပြီး နောက်ထပ် အစုံ(၆၀၀)ခန့် ထပ်မံတပ်ဆင်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးမှ အားကစားလုပ်ငန်းများကို ဦးဆောင်ပံ့ပိုးကူညီပေးသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆုရရှိသူများသည် နိုင်ငံတော်အတွက် အရေးကြီးလုပ်ငန်းတာဝန်ကို ဆောင်ရွက်ပေးနေသည့်အတွက် အလွန်အကျိုးရှိသည့်ရလဒ်များ ထွက်ပေါ်ပြီး စဉ်ဆက်မပြတ် ဆက်လက်အားပေးလုပ်ဆောင်ပေးသွားကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ တွင်ရှိသည့် အဆင့်ဆင့်သော ပညာရေးဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းပြီး အခြေခံပညာကျောင်း၊ တက္ကသိုလ်/ ကောလိပ်များတွင် အားကစားဟောပြောပွဲ၊ သရုပ်ပြပွဲ၊ အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းပြီး ကျောင်းတွင်းအားကစားပြိုင်ပွဲများကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရန်၊ အားကစားအသိပညာပေး စာစီစာကုံးပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲများကိုလည်း ကျင်းပပေးနိုင်ရေး အတွက် တိုက်တွန်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေး၊ နိုင်ငံတကာအားကစားပြိုင်ပွဲများ အောင်မြင်မှုရရှိစေရေး၊ ထူးချွန်ထက်မြက်သည့် လူငယ်မျိုးဆက်သစ်များ အားကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရေးအတွက် အားစားလှုပ်ရှား ဆောင်ရွက်မှုများကို တာဝန်သိစိတ်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြည်သူတစ်ရပ်လုံး အင်တိုက်အားတိုက် ပါဝင်လာစေရန် လူအား၊ ကလောင်စွမ်းအားဖြင့် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းမှ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာဆုများ ရွေးချယ်ခဲ့ခြင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မျိုးဆက်သစ် အားကစာသမားများ စဉ်ဆက်မပြတ်ပေါ်ထွက်စေရေးအတွက် လူထုအားကစားကဏ္ဍ အရေးပါပုံများနှင့်ပတ်သက်ပြီး ရှင်းလင်း တင်ပြခဲ့ပြီးနောက် ၂၀၂၂ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ်ဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးတို့ကလည်းကောင်း၊ ဝတ္ထုတို ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့ကလည်းကောင်း၊ ဆောင်းပါး ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများကို မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်တို့ကလည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး ၂၀၂၂ခုနှစ် တစ်နှစ်တာအတွင်း အားကစားလှုပ်ရှားဆောင်ရွက်မှု အမြင့်မားဆုံးဆု (မြို့နယ်အဆင့်) အထူးဆု ရရှိခဲ့ကြသည့်မြို့နယ်များကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းကလည်းကောင်း၊ မြို့နယ်အဆင့် ပထမ၊ ဒုတိယနှင့်ပူးတွဲတတိယဆု ရရှိခဲ့ကြသည့် မြို့နယ်များကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိခဲ့ကြသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၊ အားကစားမီဒီယာများအဖွဲ့ချုပ်နှင့် ၂၀၂၂ခုနှစ် မလေးရှားနိုင်ငံ မလက္ကာမြို့ တွင်ကျင်းပခဲ့သည့် အလွတ်တန်းစကိတ်အမြန်စီးပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခုစီ ရရှိခဲ့ကြသည့် အားကစားသမား (၂)ဦးတို့အား ဂုဏ်ပြုဆုဖလား(Trophy)များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး နောက် ဆုရရှိကြသူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားအားရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဆုရရှိကြသူများနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ အရာထမ်းများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။