အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ခုနှစ်၊ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ရန်ကုန် တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ကျုံးကြီးလမ်းရှိအမျိုးသားကြက်တောင်အားကစားခန်းမ၌ ကျင်းပပြုလုပ်

ရန်ကုန်၊ သြဂုတ်လ(၁၈)ရက်။

ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ မျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရန်နှင့် မြန်မာ့ကြက်တောင်အားကစားအဆင့်အတန်းတိုးတက်မြင့်မား လာစေရန်ရည်ရွယ်၍” ၂၀၂၂ခုနှစ်၊ပြည်နယ်နှင့်တိုင်းဒေသကြီးကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား” ကိုယနေ့နံနက် (၉)နာရီအချိန်ကရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ကျုံးကြီးလမ်းရှိအမျိုးသားကြက်တောင်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဌဦးအောင်ပိုင် နှင့်တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဒိုင်လူကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အုပ်ချုပ် / နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ကြက်တောင်အားကစားသမားများ အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ ထူးချွန်ပြီးအလားအလာရှိသောမျိုးဆက်သစ် အားကစားသမားများပေါ်ထွက်လာစေရေးနှင့် နိုင်ငံတကာအဆင့်မီကြက်တောင်အားကစားသမားများပေါ်ထွက်လာစေရန် ၊ ကြက်တောင်အားကစားသမားများအနေနဲ့ ကြက်တောင်အားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင် နိုင်စေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်ကြက်တောင် အားကစားသမားတစ်ယောက်ဖြစ်လာအောင် မိမိကိုယ်ကိုဂရုတစိုက်ပြုစုပျိုးထောင်ကြစေရန်လိုကြောင်း၊ ၂၀၂၀-၂၀၂၁ခုနှစ်မှာတော့ ကိုဗစ်-19 ကပ်ရောဂါကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့သော်လည်း ယခု ၂၀၂၂ခုနှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးကြက်တောင်ပြိုင်ပွဲကို ပြန်လည်ကျင်းပနိုင်ခြင်းဖြစ်ပါကြောင်း၊ ဒါ့ကြောင့် ကြက်တောင်အားကစားနည်းအဆင့်အတန်းတိုးတက်မြင့်မားလာစေရန် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှလည်းဝိုင်းဝန်းကြိုးပမ်းသွားကြစေလိုကြောင်း၊ နည်းပြများကလည်း နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့ ကြက်တောင်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် မိမိတို့ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားလုပ်ဆောင်သွားကြစေလိုကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အားကစားသမားမောင်/မယ်များဟာမိမိတို့ ပြည်နယ်နှင့်တိုင်းဒေသကြီးအသင်းအောင်နိုင်ရေးအတွက် အနိုင်မခံအရှုံးမပေးတဲ့ အားကစားစိတ်ဓါတ်အပြည့်အဝနဲ့ ပါဝင်ယှဉ်ပြိုင် ကစားသွားကြစေရန်နှင့် အားကစားသမားအချင်းချင်း ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးနဲ့ အားကစားသမားကောင်းများပီသစွာသတ်မှတ်ထားတဲ့ စည်းမျဉ်း/စည်းကမ်းများနှင့်အညီကြိုးစားယှဉ်ပြိုင်သွားကြပြီးနိုင်ငံတော်ကအားထားရမယ့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် ထူးချွန်အားကစားသမားကောင်းများဖြစ်လာအောင် ကြိုးစားအားထုတ်သွားကြပါလို့ ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများမှာ အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဌဦးအောင်ပိုင် နှင့်တာဝန်ရှိသူများက အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ကြက်တောင်ပြိုင်ပွဲအားဝန်ကြီးချုပ်မှ ကြက်တောင်ရိုက်၍ ဖွင့်လှစ်ပေးခဲ့ပြီးပထမနေ့ပွဲစဉ်များအားကြည့်ရှုအားပေးခဲ့ပါသည်။

၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ကြက်တောင်ပြိုင်ပွဲကိုသြဂုတ်လ (၁၈)ရက်နေ့မှ (၂၂)ရက်နေ့အထိလမ်းမတော်မြို့နယ်၊ ကျုံးကြီးလမ်းရှိအမျိုးသားကြက်တောင် အားကစားခန်းမ၌ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အမျိုးသားအသင်း(၁၄)သင်း၊ အမျိုးသမီးအသင်း (၁၃)သင်း၊ စုစုပေါင်းပြိုင်ပွဲဝင်အသင်း(၁၄)သင်းမှ အသင်းအုပ်ချုပ်သူ/နည်းပြ ၊ အားကစားသမားအင်အားစုစုပေါင်း (၂၁၆)ဦးတို့ဖြင့် ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီးမည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရှိရပါသည်။