အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၂)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (SOMY)အား Virtual စနစ်ဖြင့်တက်ရောက်

နေပြည်တော်၊ ဇွန်လ(၁၉)။

မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ်ဦးဆောင်ကျင်းပသည့် (၁၂)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (SOMY XII) အား မြန်မာစံတော်ချိန် ယနေ့နံနက် (၇:၃၀)အချိန်တွင် ကျင်းပပြုလုပ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးခေါင်းဆောင်များနှင့်အတူ မြန်မာနိုင်ငံအာဆီယံ လူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (SOMY)၏ ခေါင်းဆောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်၍ (၁၂)ကြိမ်မြောက် အစည်းအဝေးတွင် အာဆီယံလူငယ်ဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူငယ်ဆိုင်ရာ အစီအစဉ်များ၊ အာဆီယံလူငယ်ဆိုင်ရာရန်ပုံငွေများကို သုံးစွဲမှုအခြေအနေများ၊ အာဆီယံလူငယ် ဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)၏ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများအပေါ် နှစ်လယ်သုံးသပ်မှု အခြေအနေများကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ဦးဆောင်၍ ဆောင်ရွက်နေသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရှင်းလင်းတင်ပြခဲ့ကြပြီး အာဆီယံပြင်ပ/မိတ်ဖက် အဖွဲ့အစည်းများမှ ၎င်းတို့၏ လူငယ်ဆိုင်ရာဆောင်ရွက်ချက်များကို အသီးသီးဆွေးနွေးတင်ပြ ခဲ့ကြပါသည်။

၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ခုနှစ်အတွက် အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ASEAN SOMY ၏ ဥက္ကဋ္ဌအဖြစ် မလေးရှားနိုင်ငံမှလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံကလည်းကောင်း တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေး၌ ၂၀၂၃-၂၀၂၄ ခုနှစ်တို့တွင် ဥက္ကဋ္ဌတာဝန်အား လက်ရှိဥက္ကဋ္ဌ မလေးရှားနိုင်ငံမှ ဥက္ကဋ္ဌတာဝန်များကို မြန်မာနိုင်ငံထံသို့လွှဲပြောင်းပေးအပ်ရာ မြန်မာနိုင်ငံမှ (၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ကျင်းပမည့် အချိန်နှင့်နေရာတို့အား အစည်းအဝေးတက်ရောက်လာသူများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာစံတော်ချိန် မွန်းလွဲ (၁၅:၃၀)အချိန်တွင် (၁၂)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ပထမနေ့အစီအစဉ်အား ရပ်နားခဲ့ပါသည်။ ဆက်လက်၍ (၁၁)ကြိမ်မြောက် အာဆီယံ အပေါင်း(၃) လူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (SOMY+3) အား (၂၀.၆.၂၀၂၃) ရက်နေ့၊ မြန်မာစံတော်ချိန် နံနက်(၇:၃၀)အချိန်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။