အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ကမ္ဘောဒီးယား၊ ဇွန်(၄)။

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ဒေသစံတော်ချိန်( ၄ )နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ Morodok Techo National Stadium ၌ ကျင်းပပြုလုပ်ခဲ့ရာ အရှေ့တောင်အာရှပြိုင်ပွဲဝင် နိုင်ငံများတက်ရောက်ခဲ့ကြပြီး  မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့် အုပ်ချုပ်သူ/နည်းပြများ၊ မသန်စွမ်းအားကစားသမားများနှင့် တာဝန်ရှိပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် H.E Hun Many(Member of the Cambodian National Assembly)နှင့် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌတို့က အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် HUN SEN က (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို တရားဝင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။

ဆက်လက်၍ ကမ္ဘောဒီးယားနိုင်ငံမှ နိုင်ငံဂုဏ်ဆောင် ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် အားကစားသမားများက မီးရှူးတိုင်အား လက်ဆင့်ကမ်းသယ်ဆောင်၍ မီးရှူးတိုင်အား ထွန်းညှိခဲ့ပြီး (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲအား ဖွင့်လှစ်ခဲ့သည်။

အဆိုပါ (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံက အားကစားနည်း(၁၄)နည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး မြန်မာအားကစားအဖွဲ့မှ အားကစားနည်း(၈)နည်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။